October 19, 2024

၃. ၂. ၂၀၂၄
Written by Pan Ei

ကမ္ဘာပေါ်မှာ TikTok ဖော်လိုဝါ အများဆုံးရှိတဲ့ စူပါစတား Khaby Lame ဟာ သူရဲ့ TikTok ဗီဒီယိုအတိုတွေမှာ စိတ်ပျက်တဲ့ အမူအရာတွေနဲ့ တမူထူးတဲ့ အကြောင်းအရာတွေ လုပ်ဆောင်ပြရင်း လူသိများလာခဲ့ကာ အခုအခါမှာလည်း မင်းသားအနေနဲ့ အနုပညာလောကထဲကို ဝင်တော့မှာဖြစ်ပြီး ပွဲဦးထွက် ရုပ်ရှင် ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

Khaby Lame က အဓိက သရုပ်ဆောင်အနေနဲ့ပါဝင်သွားမယ့် ရုပ်ရှင်နာမည်က 00Khaby လို့ အမည်ရပြီး အင်္ဂလိပ်စကားပြော ဂျိန်းစ်ဘွန်းရုပ်ရှင်စတိုင်လိုမျိုးနဲ့ စပိုင်ဟာသကားဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

“သရုပ်ဆောင်တာက အမြဲတမ်း ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ။ ဒါပေမဲ့ ကျွန်တော် ကြံဖန်မလုပ်ချင်ပါဘူး” လို့ Lame က Variety ကို ပြောကြားခဲ့ပြီး “ဒါကြောင့် ကျွန်တော် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ဖို့နဲ့ English စာ လေ့လာမှုတွေကို ပိုပြီး နက်နက်နဲနဲ လေ့လာဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်” လို့ သူက ဇာတ်ကားနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ဆီနီဂေါနိုင်ငံဖွား အီတလီနိုင်ငံသား Khaby Lame ဟာ CIA အလိုရှိနေတဲ့ ရန်သူတွေနဲ့ ပတ်သက်မိတာကြောင့် CIA က ခေါ်ယူ ခန့်အပ် တာဝန်ပေးခံလိုက်ရတဲ့ အစားအစာပေးပို့သူအဖြစ် သရုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

Lame ဟာ အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ စတန့်သမားနဲ့ အစားမထိုးချင်တာကြောင့် ပြင်းထန်တဲ့ကာယလေ့ကျင့်မှုကို ခံယူနေတယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ရဲ့ရုပ်ရှင် ရုံတင်မဲ့ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။

Ref; Yahoo News

Leave a Reply

Your email address will not be published. Required fields are marked *