October 19, 2024

၃. ၂. ၂၀၂၄
Translated by Htwe Ko Tun

ဂျော်ဒန်နိုင်ငံအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို အီရန်ကထောက်ခံလျက်ရှိသော စစ်သွေးကြွများက တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်သုံးဦးသေဆုံးကာ ၄၀ ခန့် ဒဏ်ရာရခဲ့ခြင်းကို လက်တုံ့ ပြန်သည့်အနေဖြင့် အမေရိကန်က အီရတ်နှင့်ဆီးရီးယားရှိ အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့များနှင့် ဆက်စပ်နေသည့်၊ အီရန်ကထောက်ခံသော စစ်သွေးကြွတို့၏ပစ်မှတ် ၈၅ နေရာကို ဖေဖော်ဝါရီ ၂ ရက်က လေကြောင်းတိုက်ခိုက်မှုများပြုခဲ့ကြောင်း အမေရိကန်စစ်ဖက်က ပြောကြားခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများက အမေရိကန်စစ်သားသုံးဦးသေဆုံးခဲ့ရသော စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကို သမ္မတ ဂျိုးဘိုင်ဒန်၏ အမေရိကန်အစိုးရက လက်တုံ့ပြန်မှုဟုလည်း ယုံကြည်ရသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများက သုံးလကြာ ဂါဇာစစ်ပွဲကြောင့် တင်းမာမှုများမြင့်တက်နေသည့် အရှေ့အလယ်ပိုင်းအခြေအနေကို ပို၍ ဆိုးဝါးလာစေမည်ဖြစ်သည်။

ဘိုင်ဒန်က ကြေညာချက်တစ်ရပ်တွင် “ကျွန်တော်တို့ရဲ့ လက်တုံ့ပြန်မှုကို ဒီနေ့ပြုလုပ်ခဲ့တယ်။ ကျွန်တော်တို့ရွေးချယ်ထားတဲ့နေရာတွေကို ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်။ အမေရိကန်အနေနဲ့ ပဋိပက္ခအခြေအနေကို မလိုလားဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံသားတစ်ဦးဦးကို ထိပါးအန္တရာယ်ပြုလာရင် ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ရလိမ့်မယ် ” ဟု ပြောကြားခဲ့သည်။

အမေရိကန်စစ်ဖက်က ကြေညာချက်တစ်ရပ်ထုတ်ခဲ့ရာတွင် လေကြောင်းတိုက်ခိုက်မှုများက ဒုံးပျံများ၊ ဒုံးကျည်များ၊ အမိန့်ပေးစခန်းများနှင့် မောင်းသူမဲ့လေယာဉ်သိုလှောင်ရေးအဆောက်အအုံများအပြင် ပို့ဆောင်ရေးနှင့် လက်နက်ခဲယမ်းထောက်ပံ့ရေးစခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း၊ B-1 ဗုံးကြဲလေယာဉ်များကဲ့သို့ တာဝေးပျံသန်းနိုင်သော ဗုံးကြဲလေယာဉ်ကြီးများပါဝင်ပြီး ဆီးရီးယားရှိဒေသလေးခုနှင့် အီရတ်ရှိဒေသသုံးခုတို့မှ ပစ်မှတ်နေရာ ၈၅ နေရာကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများက အရှေ့အလယ်ပိုင်းဒေသတစ်ဝန်း လက်ဘနွန်မှသည် အီရတ်၊ ယီမင်မှသည် ဆီးရီးယားအထိ ကြီးမားစွာဩဇာသက်ရောက်မှုရှိသော၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြည်ပသူလျှိုလုပ်ငန်းနှင့် အပျော်တန်းတပ်ဖွဲ့ခွဲဖြစ်သည့် Quds Forces တပ်ဖွဲ့များကို အဓိက ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref- Reuters

Leave a Reply

Your email address will not be published. Required fields are marked *