October 19, 2024

၃. ၂. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ၊ ဂျာတီမြို့မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ်အတု ကိုင်ဆောင်ထားတဲ့ မြန်မာအမျိုးသားတစ်ဦးကို မနေ့က ဖေဖော်ဝါရီ ၂ ရက်မှာ တာရန်ဂနူလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့ပါတယ်။

အသက်နှစ်ဆယ်ကျော် အမျိုးသားဟာ မနေ့က နံနက် ၇ နာရီက စတင်ကာ ၁၂ နာရီကြာ စစ်ဆင်ရေးအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံခြားသား ၁၅၄ ဦးမှာ ပါဝင်ခဲ့တာဖြစ်ပြီး စစ်ဆေးပြီးနောက် မြန်မာနိုင်ငံသားတွေ အပါအဝင် စုစုပေါင်း နိုင်ငံခြားသား ၂၄ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူခဲ့ကာ အဂျီးလ် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

“ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တာရန်ဂနူကို မလာရောက်ခင် ဂျိုဟော ဘာရူမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီက UNHCR ကတ်ကို မလေးရှားရင်းဂစ်ငွေ ၁၅၀ နဲ့ ရရှိခဲ့တာပါ။ ကျွန်တော်ရရှိတဲ့ကတ်က အတုမှန်း မသိခဲ့ရပါဘူး” လို့ မြန်မာအမျိုးသားက တွေ့ဆုံမေးမြန်းရာမှာ ဖြေဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ဒါရိုက်တာ Azhar Abd Hamid က မြန်မာနိုင်ငံသားရဲ့ UNHCR ကတ်က အတုဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ကတ်ပိုင်ရှင်အစစ်က အမျိုးသမီးဖြစ်တယ်လို့လည်း အတည်ပြုပြောကြားခဲ့ပါတယ်။

မြန်မာအမျိုးသားကို နောက်ထပ်စုံစမ်းစစ်ဆေးမှုအတွက် ထိန်းသိမ်းထားပြီး အမှုကို ပူထရာဂျာရာက လူဝင်မှုကြီးကြပ်ရေးရုံးချုပ်ကို ပေးပို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *