၃. ၂. ၂၀၂၄
Written by Ye Kyaw
ပြည်တွင်း၌ ဆန်နှင့်စပါးလက်ကျန်ပမာဏ ယခင်နှစ်ထက် ပိုမိုကျန်ရှိနေသော်လည်း သိုလှောင်သူများက ဈေးနှုန်းအမြင့်ကို စောင့်ကာ သိုလှောင်နေ၍ ဆန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်စေရန်အတွက် အဆိုပါ ဆန်နှင့်စပါးလက်ကျန်များ ဈေးကွက်အတွင်းကို ဝင်ရောက်လာအောင် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
“မနှစ်ကထက် နှိုင်းယှဉ်မယ်ဆိုရင် ဆန်လက်ကျန်လည်းရှိပါတယ်။ ဆန်လက်ကျန်ရော၊ စပါးလက်ကျန်ရော တော်တော်များများရှိပါတယ်။ ဒီအချိန်မှာ တော်တော်များက ဈေးကောင်းရတယ်ဆိုတဲ့အခါမှာ တချို့တောင်သူလယ်သမားတွေကိုယ်တိုင်က အများကြီး သိပ်ပြီးတော့ ထုတ်မရောင်းတာတွေ့ရပါတယ်။ လှောင်လက်တွေ လက်ထဲမှာလည်း စပါးလက်ကျန် ဆန်လက်ကျန်ရှိပါတယ်။ ဒီလှောင်လက်တွေ လက်ထဲက စပါးလက်ကျန်၊ ဆန်လက်ကျန် ဈေးကွက်ထဲကို ထွက်လာအောင် လုပ်ဖို့အစီအစဉ်တွေရှိပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ဆန်၊ စပါး သိုလှောင်ရုံ မှတ်ပုံတင်လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နေပြီး လက်ရှိတွင် သိုလှောင်ရုံ အလုံး ၃၀၀ ခန့်အထိ မှတ်ပုံတင်ထားကာ ကျန်ရှိသိုလှောင်ရုံများကိုလည်း မှတ်ပုံတင်သည့် အစီအစဉ်တွင် ပါဝင်လာအောင် ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်း၌ ဆန်နှင့် စပါး လက်ကျန်မည်မျှရှိခြင်းနှင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများကို တိတိကျကျ သုံးသပ်ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“တစ်ဖက်ကလည်း သိုလှောင်ရုံမှတ်ပုံတင်တဲ့လုပ်ငန်းစဉ်မှာ နိုဝင်ဘာလ ၄ ရက်နေစပြီးတော့ ဒီလကုန်အထိ သိုလှောင်ရုံ အလုံး ၃၀၀ လောက် ကျွန်တော်တို့ မှတ်ပုံတင်တဲ့အနေအထားရှိပါတယ်။ ဒါဆိုရင် ပြည်နယ်နဲ့တိုင်း အားလုံးနီးပါး မှတ်ပုံတင်တဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်တွင်းစားသုံးမှုဖူလုံစေရန် ပြည်ပသို့ ပုံမှန်တင်ပို့နေကြဖြစ်သည့် ဆန်တင်ပို့မှုထက် ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ စသည့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး တင်ပို့သွားရန် စီစဉ်ဆောင်ရွက်နေပြီး ပေါင်းဆန်နှင့် ဆန်ကွဲအမျိုးအစားကိုသာ ဆန်ကုန်ကြမ်းအတိုင်း အဓိကထား တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။