October 19, 2024

၃. ၂. ၂၀၂၄
Written by Pan Ei

အိန္ဒိယနိုင်ငံမှာ ခိုတစ်ကောင်ကို တရုတ်သူလျှိုဖြစ်တယ်ဆိုတဲ့ သံသယနဲ့ ရှစ်လလောက်ဖမ်းဆီးထိန်းသိမ်းထားရာကနေ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ခိုဟာ တရုတ်သူလျှိုမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးနောက် မကြာသေးမီရက်ပိုင်းအတွင်းက ပြန်လွှတ်ပေးခဲ့တယ်လို့ မနေ့က နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက အဲ့ဒီ ခိုကို မွမ်ဘိုင်းမြို့က ဆိပ်ကမ်းတစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ခိုရဲ့ ခြေထောက်တွေမှာ ချည်ထားတဲ့ ကွင်းနှစ်ကွင်းကိုတွေ့ရှိခဲ့တဲ့အပြင် အတောင်ရဲ့အောက်မှာလည်း တရုတ်လိုရေးထားတဲ့စာတိုတစ်ခုကိုလည်း တွေ့ရှိခဲ့တာကြောင့် ခိုကို တရုတ်နိုင်ငံအတွက် သူလျှိုလို့ သံသယရှိခဲ့တာဖြစ်ပြီး ရဲတွေက Bai Sakarbai Dinshaw Petit ဆေးရုံမှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။

အိန္ဒိယရဲတပ်ဖွဲ့က ခိုကို စုံစမ်းစစ်ဆေးတာဟာ အံ့အားသင့်စရာအနေနဲ့ ရှစ်လကြာခဲ့ပြီး ခို ပြန်လည်လွတ်မြောက်လာစေဖို့ စည်းရုံးလှုံ့ဆော်ခဲ့တဲ့ တိရစ္ဆာန်အခွင့်အရေးအဖွဲ့ PETA India ကလည်း ခိုပြန်လွှတ်ပေးလိုက်တာအတွက် ကြိုဆိုခဲ့သလို ငှက်ကလေးဟာ ကျန်းမာရေးကောင်းမွန်စွာနဲ့ ပျံသန်းသွားခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ခိုတွေကို သူလျှိုလုပ်တယ်လို့ သံသယနဲ့ အိန္ဒိယ အာဏာပိုင်တွေက အရင်ကလည်း ဖမ်းဆီးခဲ့ဖူးပြီး အိန္ဒိယရဲ့ အဓိကပြိုင်ဘက် ပါကစ္စတန်နယ်စပ်အနီးမှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကို ခြိမ်းခြောက်တဲ့စာတစ်စောင် သယ်ဆောင်လာတဲ့ ခိုတစ်ကောင်ကို ၂၀၁၆ ခုနှစ်က နယ်စပ်လုံခြုံရေး အရာရှိတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ဖူးပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *