October 20, 2024

၃. ၂. ၂၀၂၄
Written by Nay Aung

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကို အလုံးစုံ ရပ်တန့်ရန်နှင့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့အသွင်ကူးပြောင်းရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ” မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေက ကျွန်တော်တို့နိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်မှုတွေရှိနေတယ်။ အဲဒီအတွက် စိုးရိမ်မှုဖြစ်ရတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် အကြမ်းဖက်မှုတွေကို အပြီးသတ် ချုပ်ငြိမ်းစေချင်တယ်။ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလည်း အသွင်ကူးပြောင်းစေလိုတယ်”ဟု ပြောသည်။

အိန္ဒိယနိုင်ငံသည် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံ၏ အငြင်းပွားမှုများကို စောစီးစွာအဖြေရယူနိုင်ရန်နှင့် နိုင်ငံအတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအမြန်ဆုံးပြန်လည်ရရှိစေရန်လိုလားကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏မဟာဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အိန္ဒိယအရှေ့မြောက်ဒေသများသည် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေကြောင်း သိရသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် ၁၆၄၀ ကီလိုမီတာ နယ်စပ်ချင်းထိစပ်နေပြီး အိန္ဒိယပိုင်နက်များဖြစ်သော မဏိပူရ၊ မီဇိုရမ်၊ နာဂါလန်နှင့် Arunachal Pradesh ပြည်နယ်များနှင့် နယ်စပ်ချင်းထိစပ်နေကြောင်းသိရသည်။ အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးပန်ဒေးက အိန္ဒိယနှင့် မြန်မာနိုင်ငံကြား နယ်နိမိတ်ချင်းထိစပ်နေသောနေရာများတွင် တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြီးခဲ့သောလက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

Ref deccanherald

Leave a Reply

Your email address will not be published. Required fields are marked *