October 20, 2024

၂. ၂. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်ဘဏ္ဍာငွေများကို အကျိုးရှိစွာဖြင့် အသုံးချရန်လိုပြီး ပကာသနများနှင့် For Show များကို ဦးစားမပေးဘဲ ထိရောက်အကျိုးရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် SAC အစိုးရအဖွဲ့၏ ပထမဆုံးအကြိမ်အဖြစ် ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)တွင် ပြောကြားခဲ့သည်။

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် အစိုးအရအဖွဲ့အနေဖြင့် ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ အစိုးရအဖွဲ့အသစ်အနေဖြင့် စိတ်ဓာတ်အသစ်၊ ခွန်အားသစ်များဖြင့် တာဝန်ထမ်းဆောင်စေလိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ကာလများအတွင်း အပြောင်းအလဲအချို့ရှိခဲ့သော်လည်း ချမှတ်ထားသည့် မူဝါဒများ ပြောင်းလဲမှုမရှိဘဲ ဆောင်ရွက်ခဲ့ရာ အခက်အခဲအကျပ်အတည်းများကြားမှ အတိုင်းအတာတစ်ခုအထိ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် မှတ်တမ်းတင်ပါကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယခင်ဆောင်ရွက်ခဲ့သည့် ရှိပြီးသားအခြေခံကောင်းများကို အသုံးချ၍ လာမည့်ကာလများအတွင်း မိမိတို့၏ မျှော်မှန်းချက်များ ယခုထက် ပိုမိုတိုးတက်အောင်မြင်စေရေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများကို အကျိုးရှိစွာဖြင့် အသုံးချရန်လိုကြောင်း၊ ပကာသနများနှင့် For Show များကို ဦးစားမပေးဘဲ ထိရောက်အကျိုးရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ အခွန်အကောက်များ အပြည့်အဝ ရရှိမှသာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် သက်ဆိုင်သည့်ဌာနများအနေဖြင့် စနစ်တကျပြည့်ဝစွာ ကောက်ခံရရှိအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ဝန်ကြီးဌာနအလိုက် ထုတ်ပေးထားသည့် မော်တော်ယာဉ်များနှင့် စက်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို စနစ်တကျဖြင့် ထိန်းသိမ်းသုံးစွဲရန်လိုကြောင်း၊ လိုအပ်ချက်အရ ဝန်ထမ်းများခန့်အပ်ရာတွင်လည်း အမှန်တကယ်လိုအပ်သည့် ဝန်ထမ်းအင်အားကိုသာ ခန့်အပ်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *