October 19, 2024

ဆန်အတိုင်းတင်ပို့မှုကို ပေါင်းဆန်နှင့် ဆန်ကွဲကိုသာ အဓိကတင်ပို့မည်ဟု ဆို

၂. ၂. ၂၀၂၃
Written by Ye Kyaw

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပုံမှန်တင်ပို့နေကြဖြစ်သည့် ဆန်တင်ပို့မှုထက် ဆန်မှုန့်၊ ဆန်ခေါက်ဆွဲ စသည့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး တင်ပို့သွားရန် စီစဉ်ဆောင်ရွက်နေပြီး ပေါင်းဆန်နှင့် ဆန်ကွဲအမျိုးအစားကိုသာ ဆန်ကုန်ကြမ်းအတိုင်း အဓိကထား တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
 
မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်တန်ချိန် ၁၂ သန်းမှ ၁၄ သန်းကြား ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် ဆန်တန်ချိန် ၁၀ သန်း ဝန်းကျင်ရှိသဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ၃ သန်းဝန်းကျင်သာ ပြည်ပတင်ပို့နိုင်မည်ဖြစ်၍ ဝင်ငွေပိုမိုရရှိ‌စေရန် တန်ချိန်တိုးမြှင့်တင်ပို့ခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ကာ ဝင်ငွေတိုးမြှင့်ရရှိစေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ပို့ကုန်အမယ်တွေ တိုးချဲ့ဆောင်ရွက်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေတာရှိပါတယ်။ သမားရိုးကျ “ဆန်”ကို ပို့တာထက်စာရင် ဆန်မှုန့်တို့၊ ဆန်ခေါက်ဆွဲတို့၊ တစ်ဖက်ကလည်း ဖွဲနုဆီထုတ်လုပ်တဲ့လုပ်ငန်းကို အားပေးပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဖွဲနုဆီတချို့ကို နိုင်ငံခြားတင်ပို့ဖို့၊ တချို့ကို ပြည်တွင်းဈေးကွက်မှာရောင်းချဖို့ နောက်ပြီး ဖွဲနုဆီထုတ်တဲ့လုပ်ငန်းရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ ဆီထုတ်ပြီးသားဖွဲဖတ်ကို ပြည်တွင်းဈေးကွက်မှာရောင်းဖို့၊ နိုင်ခြားတင်ပို့ရောင်းချဖို့ စသဖြင့် Export Product Diversification ကိုလည်း လာမယ့်နှစ်မှာ ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါကြောင့်မို့ ဆန်မှုန့်တို့ တစ်ဖက်ကလည်း တိရစ္ဆာန်အစာ ထုတ်လုပ် တင်ပို့ရောင်းချတဲ့အပိုင်းတို့ ဒါလေးတွေပါ ကျွန်တော်တို့ ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဆန်တင်ပို့ခြင်းကို လျှော့ချပြီး ပြည်တွင်းစားသုံးမှုလည်း ဖူလုံစေရန်အတွက် ဆန်ဖြူကို အကန့်အသတ်ဖြင့်သာ တင်ပို့ကာ ပေါင်းဆန်နှင့် ဆန်ကွဲကိုသာ ပိုမိုတင်ပို့နိုင်ရေး ယခုဘဏ္ဍာနှစ် လက်ကျန်ကာလ ဖေဖော်ဝါရီနှင့် မတ်လတို့မှစ၍ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြ၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆန်ကွဲနဲ့ ပေါင်းဆန်ကိုပဲ ဦးစားပေးတင်ပို့ပြီးတော့ ဆန်ဖြူဆိုရင် အကန့်အသတ်နဲ့ပေါ့။ ၅ မှတ်ဆန်လောက်ပဲ ကျွန်တော်တို့ တင်ပို့တဲ့လုပ်ငန်းစဉ်ကို အခု ဖေဖော်ဝါရီ၊ မတ်လမှာ စပြီးတော့ ဆောင်ရွက်ဖို့အတွက် ဝန်ကြီးဌာနကို တင်ပြပြီးတော့ အတည်ပြုချက် ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ဆန်တင်ပို့မှု တန်ချိန်ငါးသိန်း လျော့ကျခဲ့သော်လည်း ဝင်ငွေလျော့ကျခဲ့မှုမရှိကြောင်းနှင့် ယခင်ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် တိုးမြှင့်တင်ပို့ခဲ့သော်လည်း လစဉ်ဝင်ငွေ ဒေါ်လာသန်း ၆၀ ဝန်းကျင်သာရရှိပြီး ယခုဘဏ္ဍာနှစ်တွင်မှု ကမ္ဘာ့ဆန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် တချို့လများတွင် ဝင်ငွေဒေါ်လာသန်း ၁၀၀ ဝန်းကျင်အထိ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာ့ဆန်ဈေးမြင့်တက်နေမှုကြောင့် ပေါင်းဆန်တစ်တန်လျှင် ဒေါ်လာ ၆၅၀ မှ ၆၈၀ ကြားအထိရရှိနေပြီး ဆန်ကွဲသည်ပင်လျှင် တစ်တန်လျှင် ဒေါ်လာ ၄၃၀ မှ ၄၆၀ ကြားအထိ ရရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *