October 19, 2024

၂. ၂. ၂၀၂၄
Written by Pan Ei

တစ်နှစ်နဲ့ နှစ်နှစ်အရွယ် ကလေးငယ်နှစ်ယောက်ကို ၁၅ ထပ်အမြင့်တိုက်ခန်းတစ်ခုရဲ့ ပြတင်းပေါက်ကနေ ပစ်ချခဲ့တဲ့ စုံတွဲတစ်တွဲကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်တယ်လို့ မနေ့က နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ကလေးတွေရဲ့ ဖခင် Zhang Bo ဟာ ၂၀၂၀ ပြည့်နှစ်က Ye Chengchen ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်ခဲ့ပြီးနောက် ဇနီးဖြစ်သူနဲ့ကွာရှင်းခဲ့ပါတယ်။ အဲ့ဒီနောက် Zhang နဲ့ Ye တို့ စုံတွဲဟာ ကလေးငယ်တွေကို သတ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြတာဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

မတော်တဆပြုတ်ကျမှုအဖြစ် ပူးပေါင်းကြံစည်ပြီး ကလေးတွေကို ၁၅ ထပ်အမြင့်က ပစ်ချခဲ့တဲ့ သူတို့စုံတွဲရဲ့ ရည်ရွယ်ချက်ကို တရုတ်နိုင်ငံရဲ့ တရားရုံးချုပ်က”အလွန်ဆိုးရွားတဲ့ မလိုမုန်းထားမှု”လို့ ဖော်ပြခဲ့ပြီး သူတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကိုလည်း ပေါ်လွင်စေခဲ့ပါတယ်။

သူတို့စုံတွဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chongqing မြို့မှာ ဗုဒ္ဓဟူးနေ့က ကွပ်မျက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံက သေဒဏ်ပေးမှုတွေက အများအားဖြင့် သေစေတဲ့ ဆေးထိုးခြင်း ဒါမှမဟုတ် ပစ်ခတ်မှုနဲ့ ကွပ်မျက်ခြင်းတွေ လုပ်ဆောင်လေ့ရှိတာကြောင့် သူတို့ကိုတော့ ဘယ်လို လုပ်ဆောင်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဆိုပါ စုံတွဲကို ကွပ်မျက်လိုက်တယ်ဆိုတဲ့ သတင်းတွေကလည်း တရုတ်လူမှုကွန်ရက် Weibo မှာ လျှင်မြန်စွာ ရေပန်းစားလာခဲ့ပြီး ကြည့်ရှုသူ သန်းရာနဲ့ချီရှိခဲ့ပါတယ်။ “ကလေးတွေက သူတို့ရဲ့ နောက်ဘဝတွေမှာ ငြိမ်းချမ်းပျော်ရွှင်မှုတွေပဲ ရှိမယ်လို့ မျှော်လင့်ပါတယ်” လို့ Weibo သုံးစွဲသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *