၂. ၂. ၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ အာကာသယာဉ်တည်ဆောက်မှုနည်းပညာလုပ်ငန်း(KAI) သို့ စေလွှတ်ထားခဲ့သော အင်ဒိုနီးရှား အင်ဂျင်နီယာများမှာ တည်ဆောက်လျက်ရှိသော KF-21 တိုက်လေယာဉ်၏ဖွံ့ဖြိုးမှုနှင့် စပ်လျဉ်း၍ နည်းပညာများခိုးယူခဲ့ကြသည်ဟုစွပ်စွဲခံရကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခံနေရကြောင်း နိုင်ငံပိုင် စစ်လက်နက် ပစ္စည်းဝယ်ယူရေးကုမ္ပဏီဖြစ်သော DAPA က ဖေဖော်ဝါ ရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
၎င်းတို့က KF-21 တိုက်လေယာဉ်နှင့်ပတ်သက်သော ဖွံ့ဖြိုးမှုအချက်များကို ယူအက်စ်ဘီတစ်ခုတွင်သိမ်း ဆည်းထားသည်ကို မသင်္ကာဖွယ်တွေ့ရှိခဲ့ရကြောင်း DAPA က ပြောခဲ့သည်။ DAPA ၏ တာဝန်ရှိသူတစ်ဦးက အမျိုးသားထောက်လှမ်းရေးအဖွဲ့ အပါအဝင် ဆက်စပ်နေသောလုပ်ငန်းအဖွဲ့များပါဝင်လျက် အင်ဒိုနီးရှား အင်ဂျင်နီယာများအပေါ် စွပ်စွဲထားသော နည်းပညာခိုးယူမှုနှင့် သက်ဆိုင်သည့်အခြေအနေများကို ပူးတွဲ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်နေကြောင်း သတင်းထောက်များသို့ ပြောခဲ့သည်။
စုံစမ်းစစ်ဆေးမှုက အင်ဒိုနီးရှားအင်ဂျင်နီယာများ ခိုးယူသိမ်းဆည်းထားသော အချက်အလက်များတွင် KF-21 တိုက်လေယာဉ် တည်ဆောက်မှုအစီအစဉ်နှင့်ပတ်သက်ပြီး မဟာဗျူဟာမြောက်အချက်များ ပါဝင်ခြင်းရှိမရှိ အလေးထား၍ စစ်ဆေးသွားမည်ဟုလည်း ဆိုသည်။လောလောဆယ်တွင် အင်ဒိုနီးရှား နိုင်ငံသားများအား တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်ခြင်းအားလည်း ပိတ်ပင်ထားသည်။
KF-21 တိုက်လေယာဉ် တည်ဆောက်မှုအစီအစဉ်တွင်ပူးတွဲပါဝင်သည့် အင်ဒိုနီးရှားနိုင်ငံက လေယာဉ် တည်ဆောက်ရေးစီမံကိန်း စုစုပေါင်းကုန်ကျစရိတ် ၈ ဒသမ ၈ ထရီလျံ ဝမ်ငွေ(အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလျံ) ၏ ၂၀ ရာခိုင်နှုန်းကို တာဝန်ယူ ထည့်ဝင်ရန်လည်းပျက်ကွက်ခဲ့ရာ ၂၀၁၅ ခုနှစ်ကပင် စတင်ခဲ့သော ထိုစီမံကိန်းတွင် ပါဝင်မည်ဟု အင်ဒိုနီးရှားအစိုးရ၏ ကတိပြုချက်များ အပေါ်လည်း မေးခွန်းထုတ်ဖွယ်ဖြစ်နေရသည်။
အင်ဒိုနီးရှားအစိုးရက စီမံကိန်းအတွက် ဝမ်ငွေ ၂၇၈ ဒသမ ၃ သန်းအထိသာ ထည့်ဝင်ထားသေးကြောင်း ခန့်မှန်းရပြီး ဝမ်ငွေ တစ်ထရီလျံနီးပါးထည့်ဝင်ရန် ကျန်ဦးမည်ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံက KF-21 တိုက်လေယာဉ်များကို ၂၀၂၄ ခုနှစ် အကုန်ပိုင်း၌ပင် စတင်ထုတ်လုပ်နိုင်ရန်ရည်မှန်းထားပြီး ၂၀၃၂ ခုနှစ်တွင် အဆိုပါတိုက်လေ ယာဉ် ၁၂၀ အထိ တပ်ဖြန့်ချထားနိုင်ရန် ရည်ရွယ် ထားသည်။
Ref- Yonhap