October 19, 2024

၂. ၂. ၂၀၂၄
Written by Pan Ei

ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီမှာ မနေ့ (ဖေဖော်ဝါရီလ ၁ ရက်) ည ၁၁ နာရီခွဲအချိန်က ဓာတ်ငွေ့ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး လူ ၂၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ရိုဘီမြို့ အမ်ဘာကာဆီခရိုင်မှာ ဓာတ်ငွေ့တွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စီး ပေါက်ကွဲခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပေမဲ့ ဓာတ်ငွေ့စက်ရုံမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့တာကြောင့် ဖြစ်စဉ်အတိအကျကို အတည်ပြုနေဆဲဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးနားက တိုက်ခန်းတွေလည်း မီးလောင်ခဲ့ကာ နေအိမ်နဲ့ ကားတွေလည်း ပျက်စီးခဲ့ပါတယ်။

အမ်ဘာကာဆီရဲချုပ် Wesley Kimeto က ပေါက်ကွဲမှုကြောင့် လူကြီးတစ်ဦးနဲ့ ကလေးတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း ပြောကြားခဲ့သလို ဒဏ်ရာရသူအများစုဟာ ပေါက်ကွဲမှုနဲ့ မီးလောင်မှုကြောင့် အငွေ့တွေကိုလည်း ရှူရှိုက်မိခဲ့ကြသူတွေလည်းရှိပြီး အဲ့ဒီထဲမှာ ကလေးတွေက အနည်းဆုံး ၂၅ ယောက်လောက် ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကင်ညာကြက်ခြေနီအဖွဲ့က တပ်ဖွဲ့ဝင်တွေက မီးတောက်တွေကို အစွမ်းကုန် ငြှိမ်းသတ်နေခဲ့ရတယ်လို့ ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူ Isaac Mwaura ကလည်း ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို လုံခြုံအောင်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပေါင်းစပ်ညှိနှိုင်းကူညီဖို့အတွက် ကွပ်ကဲမှုစင်တာတစ်ခု ထူထောင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref; Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *