October 19, 2024

၂. ၂. ၂၀၂၄
Written by Pan Ei

ကမ္ဘာ့အကြီးဆုံး ဂီတကုမ္ပဏီဖြစ်တဲ့ Universal Music Group နဲ့ ဗီဒီယိုတွေမျှဝေတဲ့ အက်ပလီကေးရှင်း TikTok တို့ဟာ လပေါင်းများစွာကြာခဲ့တဲ့ ညှိနှိုင်းမှုတွေ မအောင်မြင်ခဲ့ဘဲ Universal လက်အောက်က အဆိုတော်တွေအားလုံးရဲ့ တရားဝင်သီချင်းတွေကို အသုံးပြုမှုဟာ ဖျက်သိမ်းခံလိုက်ရပြီပဲဖြစ်ပါတယ်။

Universal Music Group ထဲမှာ များပြားလှစွာသော နာမည်ကြီး အဆိုတော်တွေရှိပြီး သူတို့အားလုံးရဲ့တရားဝင်သီချင်းတွေကို အသုံးပြုပြီး TikTok သုံးစွဲသူတွေက ဗီဒီယိုတွေ ဖန်တီးနိုင်တော့မှာ မဟုတ်ဘဲ အရင်က အဲ့ဒီ သီချင်းတွေသုံးပြီး ဖန်တီးထားတဲ့ ဗီဒီယိုတွေမှာလည်း အသံတွေ အဖျက်ခံထားရကာ အခုလက်ရှိမှာတော့ ပရိသတ်တွေ ပြုလုပ်ထားတဲ့ တချို့ အသံတွေနဲ့ သီချင်းတွေကိုပဲ အသုံးပြုနိုင်ကြတော့မှာဖြစ်ပါတယ်။

Universal Music Group နဲ့ TikTok ကြားမှာ အရင်စာချုပ်သက်တမ်းကုန်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ညှိနှိုင်းမရတာကြောင့် တရားဝင်ဖျက်ချခံလိုက်ရတဲ့ သီချင်းတွေထဲမှာ တေလာဆွစ်၊ ကေတီပယ်ရီ၊ လေဒီဂါဂါ၊ ဒရိတ်ခ်၊ အိုလီဗီယာ ရိုဒရီဂို၊ အာရီယာနာ ဂရန်ဒီစတဲ့နာမည်ကြီး ဒိတ်ဒိတ်ကြဲ အဆိုတော်တွေရဲ့ တရားဝင် သီချင်းတွေ လည်း ပါဝင်ခဲ့တာပါ။

အဆိုပါ လုပ်ဆောင်ချက်အတွက် Wall Street က လေ့လာသုံးသပ်သူတွေက Universal ကို ချီးကျူးခဲ့ကြပြီး သုံးစွဲသူတွေက တခြား အက်ပလီကေးရှင်းတွေကို ပြောင်းသုံးကြနိုင်တာကြောင့် TikTok ဟာ အမေရိကန်ဒေါ်လာ ၁၀၉ သန်းနီးပါးလောက် ဆုံးရှုံးနိုင်တယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။

TikTok ခေတ်ရေစီးကြောင်းအတွက် နောက်ခံအသံအဖြစ် တေးဂီတကို အသုံးပြုကြတဲ့ လူငယ်အချို့အတွက်တော့ ဇယားထိပ်ဆုံးက မရေမတွက်နိုင်တဲ့ သီချင်းတွေ အသုံးပြုနိုင်မှုနဲ့ ဝေးကွာခဲဲ့ကြတာပါ။ တချို့ သုံးစွဲသူတွေကတော့ TikTok ရဲ့ ပြိုင်ဖက်အက်ပလီကေးရှင်းဖြစ်တဲ့ အင်စတာဂရမ်ရဲ့ Reels ကို သုံးစွဲရတော့မှာလား ဆိုတဲ့ မှတ်ချက်တွေလည်း ပေးခဲ့ကြပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *