October 19, 2024

ဖေဖော်ဝါရီ ၁ ရက် (ယမန်နေ့)တွင် ဗဟိုဘဏ်က Online Trading Platform မှတစ်ဆင့် ရောင်းချပေးခဲ့သည့် ငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားငွေပမာဏကို တွေ့ရစဉ်။

၂. ၂. ၂၀၂၄
Written by Ye Kyaw

နိုင်ငံခြားငွေကြေးဈေးကွက်ရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ဗဟိုဘဏ်က Online Trading Platform မှ တစ်ဆင့် ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ်သန်း ၅၀ ယနေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဇန်နဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ‌‌ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်းနှင့် ယနေ့တွင် ဒေါ်လာ ၁၃ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်လကျော်အတွင်း ခုနစ်ကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၇၉ ဒသမ ၉၃ သန်း ထုတ်ရောင်းခဲ့ပြီးဖြစ်သည်။

ထို့အတူ ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ထိုင်းဘတ် သန်း ၂၀၀ နှင့် ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းဘတ် သန်း ၅၀ ဖြင့် တစ်လအတွင်း စုစုပေါင်း ထိုင်းဘတ်သန်း ၃၀၀ ထုတ်ရောင်းပေးခဲ့သလို ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားခြင်းလည်းဖြစ်သည်။

နိုင်ငံခြားငွေဈေးကွက်သို့ မဟုတ်ဘဲ သီးခြားအနေဖြင့် လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးခဲ့ပြီး စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ပြီးခဲ့သည့် ဒီဇင်ဘာလတွင်း နှစ်ကြိမ်ထုတ်ရောင်းပေးမှု၌ စုစုပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်း ထုတ်ရောင်းပေးထားသည်။

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် ၂၀၂၃ နှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်မီမှစ၍ တစ်ဒေါ်လာ ကျပ် ၃၅၀၀ အောက် ကျဆင်းလာခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၃၄၅၀ နှင့် ကျပ် ၃၅၀၀ ကြားတွင် တစ်လခန့် တည်ငြိမ်ခဲ့ရာမှ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်အထိ တစ်ဒေါ်လာ ကျပ် ၃၅၆၀ ရှိခဲ့သော်လည်း ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၅၅၀ သို့ ပြန်ကျဆင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *