၂. ၂. ၂၀၂၄
Written by Ye Kyaw
လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအတွင်း ကျဆင်းခဲ့သော မြန်မာ့ကုန်ထုတ်လုပ်မှုအရှိန်သည် ၂၀၂၄ နှစ်သစ်အထိ ပါလာခဲ့သည့်အပြင် နိုင်ငံ၏ မြောက်ပိုင်းဒေသ လက်နက်ကိုင်ပဋိပက္ခများက ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်များအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခု ထပ်ဖြစ်လာခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
၂၀၂၄ နှစ်သစ်အစ ဇန်နဝါရီတွင် အခြေအနေများ ပိုမိုဆိုးရွားလာခြင်းကို တွေ့ရပြီး ၂၀၂၃ နှစ်ကုန်ပိုင်းတွင် မြင်တွေ့ခဲ့ရသည့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ကျဆင်းမှုသည် နှစ်သစ်သို့ ပါလာခဲ့ကာ အမှာစာအသစ်များနှင့် ထုတ်လုပ်မှုပမာဏနှုန်းများသည် သတိပြုဖွယ်နှုန်းဖြင့် လျော့ကျခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
ပြည်တွင်း လုပ်ငန်းများသည် လုပ်သားအရေအတွက်နှင့် ကုန်ပစ္စည်းဝယ်ယူမှုများကို လျှော့ချကာ လျော့နည်းလာသော လိုအပ်ချက်များနှင့်အညီ ဖြစ်စေရန် ၎င်းတို့၏ လုပ်ဆောင်မှုကို ချိန်ညှိခဲ့ကြရပြီး အဆိုပါ ကာလအတွင်း နိုင်ငံ၏မြောက်ပိုင်းဒေသများမှ လက်နက်ကိုင် ပဋိပက္ခက ထောက်ပံ့ရေးကွင်းဆက်များအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခု ထပ်ဖြစ်လာခဲ့ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံတဝှမ်း လက်နက်ကိုင် အကြမ်းဖက်မှု မြင့်တက်လာခြင်းက ကုန်သွယ်ရေးလမ်းကြောင်းများအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိခဲ့ပြီး ကုန်ပစ္စည်းပြတ် လပ်မှုများကို ဖြစ်စေခဲ့သောကြောင့် ထောက်ပံ့ရေးကွင်းဆက်များသည် ဆက်လက်ရုန်းကန်နေရဆဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။
“နိုင်ငံရဲ့ မြောက်ပိုင်းဒေသတွေမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ကုန်ထုတ်လုပ်မှုက ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဝယ်လိုအားအခြေအနေတွေက ယိုယွင်းနေခဲ့ပြီး လုပ်ငန်းတွေက ထုတ်လုပ်မှု၊ အလုပ်ခန့်ထားမှုနဲ့ ဝယ်ယူမှုတွေကို လျှော့ချဖြတ်တောက်ထားပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသည်။
၂၀၂၃ ခုနှစ်ကုန်ဖြစ်သည့် ဒီဇင်ဘာလတွင် ၄၂ ဒသမ ၉ အထိ အနိမ့်ဆုံးကျဆင်းခဲ့သော မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ၂၀၂၄ ဇန်နဝါရီလတွင် ၄၄ ဒသမ ၃ အထိ ပြန်လည် မြင့်တက်လာခဲ့သော်လည်း လုပ်ငန်းလည်ပတ်မှု အခြေအနေများသည် သမိုင်းကြောင်းအရ မြင့်မားသောနှုန်းဖြင့် ဆက်လက်ကျဆင်းနေခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု ၂၀၂၄ ခုနှစ်တွင် ကုန်ပစ္စည်းထုတ်လုပ်သူများအကြားတွင် အကောင်းမြင်စိတ်ကို ရုတ်ချည်းဖြစ်ပေါ်စေခဲ့ပြီး လာမည့် ၁၂ လအတွင်း ကုန်ထုတ်လုပ်မှု ပိုမိုမြင့်မားလာရန် လုပ်ငန်းများက မျှော်လင့်နေကြကာ ကိုဗစ်ကပ်ရောဂါကာလမှစတင်၍ လေးနှစ်နီးပါးကာလအတွင်း လုပ်ငန်းယုံကြည်ချက်သည် အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိဖြစ်ပေါ်နေသည့် ပြည်တွင်း၌ မသေချာမရေရာမှုများနှင့် လုံခြုံရေးစိုးရိမ်ရမှုများအပြင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျပ်တည်းမှု အခြေအနေများ၊ ကျပ်ငွေတန်ဖိုး လျော့ကျလာမှုကြောင့် ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းပိုမိုကြီးမြင့်လာမှုများသည် မြန်မာနိုင်ငံ၏ ကုန်ထုတ် လုပ်မှုကဏ္ဍကို စိန်ခေါ်မှုများ ရှိလာစေမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ ရှစ်လဆက်တိုက် တိုးတက်မှုရှိခဲ့ပြီး အဆိုပါကာလ၏ အချို့သောလများ၌ အာဆီယံဒေသတွင်း ကုန်ထုတ်လုပ်မှုအမြင့်ဆုံး အခြေအနေများသို့ ရောက်ရှိခဲ့သည့် ကာလများကို ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း စံသတ်မှတ်ချက် အမှတ် ၅၀ အောက်သို့ စတင်ကျဆင်းခဲ့ခြင်းဖြစ်သည်။