၂. ၂. ၂၀၂၄
Written by Hey Mar
အရှိန်တင်မောင်းနှင်စီးနင်းလာတဲ့ ဆိုင်ကယ် တိမ်းမှောက်ကာ ဆိုင်ကယ်နဲ့ပြန်လည်ညပ်ပိပြီး စီးနင်းသူသေဆုံးခဲ့တဲ့ဖြစ်စဥ် မနေ့က ဖေဖော်ဝါရီ ၁ ရက် နေ့ခင်း နှစ်နာရီဝန်းကျင်က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဥ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမကြီး၊ ကျောက်မဲမြို့နယ်ဇီးပင်စခန်းကျေးရွာ၊ ဂုတ်တွင်း ကျောင်းကုန်းရွာဘက်အထွက်အနီးမှာ ဖြစ်ပွားခဲ့ပြီး တစ်ဦးတည်းစီးနင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီး အရှိန်များပြီး လမ်းဘေးမှာရှိတဲ့ အိမ်ကူးမြောင်းတံတားကိုတိုက်မိပြီး ဆိုင်ကယ်ကြားမှာ ဦးခေါင်းညပ် တိမ်းမှောက်ကာ နေရာတင် ဆုံးပါးခဲ့တာလို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
သေဆုံးသူက ပင်တိန် အရှေ့ရွာကဖြစ်ပြီး သေဆုံးသူနဲ့အတူ ငွေသား၂၅၅၀၀၀ ကျပ် ပါရှိတာကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ အများပြည်သူရဲ့ရှေ့မှာရေတွက်ပြီး မိသားစုဝင်ဖြစ်တဲ့ အမတော်စပ်သူကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရုပ်အလောင်းကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း လူနာတင်ယာဥ်နဲ့ နောင်ပိန်တိုက်နယ်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း