၂. ၂. ၂၀၂၄
Written by Min Mahar
ရန်ကုန်-မန္တလေး အမြန်လမ်း(မိုင်တိုင်အမှတ် ၃၁၉/၆-၇) ပေါ် ရှိ တံဇောက်ချောင်း တံတားလုံခြုံရေး ရဲကင်းစခန်းအား PDF များမှ Drop Bomb(၁)လုံးဖြင့် ပစ်ချတိုက်ခိုက်မှု နွားထိုးကြီးမြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း(မိုင်တိုင်အမှတ် ၃၁၉/၆-၇)ပေါ် ရှိ တံဇောက်ချောင်း တံတားလုံခြုံရေး ရဲကင်းစခန်းကို ဒေသတွင်း PDF အဖွဲ့များမှ Drone ဖြင့် Drop Bomb (၁)လုံးပစ်ချတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ပစ်ချတိုက်ခိုက်ခဲ့သော Bomb မှာမူ ရဲကင်းစခန်းနှင့် ၃ ပေခန့်အကွာ၊ တံတားနှင့် ပေ ၂၀ ခန့်အကွာ၊ လမ်းလယ်ကျွန်းနှင့် ၃၅ ပေခန့်အကွာတွင် ကျရောက်ကာ ပေါက်ကွဲသွားကြောင်း သိရသည်။
“အခုလို အမြန်လမ်းပေါ်တွေအထိ လုပ်လာတာဟာ ခရီးသွားပြည်သူတွေအတွက် အရမ်းအန္တရာယ်များလာပြီ။ ပြည်သူ့အတွက်လို့ ကြွေးကြော်ပြီး တောထဲဝင်ကာ လက်နက်ကိုင်တော်လှန်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီပြည်သူတွေပဲ ပြန်ဒုက္ခရောက်တဲ့ နည်းလမ်းကို ရွေးချယ်နေကြတယ်။ အခုလိုလုပ်တော့ လမ်းတံတားတွေပျက်မယ်။ ဒီလမ်းတွေပျက်တော့ ခရီးသွားလုပ်ငန်းတွေ ကြန့်ကြာလာပြီး သယ်ယူပို့ဆောင်မှုတွေကိုပါ ထိခိုက်လာတယ်။ ဟော အဲ့ဒီရဲ့နောက်ဆက်တွဲ ဘာဖြစ်လဲ။ ကုန်ပစ္စည်းတွေ စျေးတက်မယ်။ အဲ့ဒီလိုဖြစ်တော့ ဒီဒုက္ခကို ဘယ်သူတွေအရင်ခံစားရလဲဆို ပြည်သူတွေပဲ အရင်ခံစားရတာပါပဲ။ နိုင်ငံရေးနည်းကို နိုင်ငံရေးနဲ့ မဖြေရှင်းကြတော့ဘဲ ဒီနိုင်ငံမှာ လက်နက်ကိုင်မှ လူရာဝင်မယ်ဆိုတဲ့ လုပ်ရပ်တွေ အတွေးအခေါ်တွေကြောင့် တိုင်းပြည်က အရွေ့တစ်ခုမရောက်ဘဲ နှောင့်နှေးကြန့်ကြာကုန်တော့တာပဲ။ ဘယ်အဖွဲ့အစည်းကပဲဖြစ်နေပါစေ။ အကြမ်းဖက်လမ်းစဉ်ကိုလိုက်တဲ့ ဘယ်လုပ်ရပ်မျိုးကိုမဆို ရှုတ်ချတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံနိုင်ငံရေးလေ့လာသူတစ်ဦးက ယခုဖြစ်စဉ်နှင့် ပတ်သတ်ပြီး MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါပေါက်ကွဲသည့်နေရာမှ သတ္ထုအပိုင်းအစများ၊ သံဘောစိငယ်များနှင့် ကွန်ကျူးပိုက်ဒလက်တို့ကို တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းခဲ့ပြီး အခြား ပျက်စီးထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။