၁. ၂. ၂၀၂၄
Written by Nyein Kyaw
ရွေးကောက်ပွဲရလဒ်နှင့် အရေးယူဆောင်ရွက်မှုအပေါ် ကျေနပ်မှုမရှိသူများက အကြမ်းဖက်တိုက်ခိုက်သည့် နည်းများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းခဲ့မည်ဆိုပါက အရေးပေါ်ကာလပြဋ္ဌာန်းချက် ယခုကဲ့သို့ ကြာမြင့်ခဲ့မည် မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁/၂၀၂၄) တွင် ပြောကြားခဲ့သည်။
SAC အစိုးရ နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်ကာလမှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာ၌ မဲမသမာမှုများကို ရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးဖော်ထုတ်သွားမည့်ဆိုသည့်အချက် ပါဝင်ခဲ့ပြီး တစ်နှစ်ကျော်ကာလအတွင်း ဖော်ထုတ်ပြီးစီးခဲ့ကြောင်း၊ သို့သော် ရွေးကောက်ပွဲရလဒ်အပေါ် အရေးယူဆောင်ရွက်မှုအပေါ် ကျေနပ်မှုမရှိသူများက သာမန်ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူဆန္ဒပြမှုများ၊ ၎င်းမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်လာသဖြင့် သာမန်အခြေအနေ ပျက်ယွင်းသွားကြောင်း၊ ထိုသို့အကြမ်းဖက်တိုက်ခိုက်သည့်နည်းများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ခဲ့မည်ဆိုပါက အရေးပေါ်ကာလပြဋ္ဌာန်းချက်မှာ ယခုကဲ့သို့ ကြာမြင့်ခဲ့မည်မဟုတ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ EAOs များနှင့် ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသော EAO အဖွဲ့များအနက် KNU မှ သဘောထားတင်းမာသူအချို့၊ CNF နှင့် ABSDF တို့သည် အကြမ်းဖက်လမ်းစဉ်တွင် ပါဝင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးမထားသည့်အဖွဲ့များထဲမှ KIA အဖွဲ့အနေဖြင့်လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို အကြမ်းဖက်တိုက်ခိုက်သည့် သင်တန်းများ၊ မိုင်းထောင်ဖောက်ခွဲသည့် သင်တန်းများ သင်ကြားပေးပြီး လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးခဲ့ကြောင်း၊ KNPP အဖွဲ့အနေဖြင့် ဆူပူအကြမ်းဖက်မှုကို လိုလားသည့် PDF များကို အကြမ်းဖက်သင်တန်းများ သင်ကြားပေးခြင်းနှင့် လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးပြ၍ တိုက်ကွက်များဖော်လာခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းများသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ဆောင်မှုများဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထိုအထဲမှ MNDAA အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် လောက်ကိုင်ဒေသကို အင်အားအလုံးအရင်းဖြင့် ဒရုန်းများ အသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တရားမဝင်လုပ်ငန်းများ၊ ၎င်းတို့၏ မဟာမိတ်များမှ ထောက်ပံ့မှုများ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများမှ ရရှိခဲ့သည့် ငွေကြေးများဖြင့် အသုံးပြုခဲ့ခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊ ထိုသို့ MNDAA အဖွဲ့၏ တိုက်ခိုက်မှုများ လုပ်ဆောင်နေမှုသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ရပ်များပင် ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသော သိက္ခာရှိသည့်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ဦးတည်ချက်များတွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပါဝင်ကြောင်း၊ မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ပြီးစီးပါက ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို လွှဲပြောင်း၍ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။