၁. ၂. ၂၀၂၄
Writer & Photo Naing Thuta
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ တောင်သမန်အင်းအနောက်ဘက်ခြမ်း၊ ဦးပိန်တံတားထိပ် ဦးပိန်တံတားယာဉ်ရပ်နားကွင်း(ဟောင်း)တွင် “တောင်သမန်မယ်ဇယ်လွင်ပြင်” ဖွင့်ပွဲအခမ်းအနားကို ယနေ့(ဖေဖော်ဝါရီ ၁ ရက်နေ့) မနက် ၇ နာရီ ၃၀ မိနစ်မှ ၁၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းထံမှ သိရသည်။
“ဦးပိန်တံတားထိပ်မှာ အရင်ကရောင်းချနေတဲ့ ဆိုင်ခန်းတွေကို ပြီးခဲ့တဲ့လထဲက အကုန်ဖျက်ခိုင်းပြီး အခုမယ်ဇယ်တန်းမှာ ရောင်းချခွင့်ပြုလိုက်တာ။ ဘုရားကိုလည်း ဆိုင်ခန်းတွေက ကွယ်နေတာက တစ်ကြောင်း၊ တံတားရဲ့ အလှတရားကို ပေါ်လွင်မှုမရှိလို့ဆိုပြီး အခုလိုဆိုင်ခန်းတွေ ပြောင်းရွေ့ဖွင့်ခိုင်းတာပေါ့။ အစကတော့ ကျေနပ်တဲ့စျေးသယ်တွေရှိသလို မကျေနပ်ကြတဲ့သူတွေလည်း ရှိကြပါတယ်။ စျေးက အရင်လိုရောင်းမကောင်းတော့ဘူးဆိုပြီးတော့ ပြောနေကြတာ။ အခုတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ တံတားကိုလည်ကြတဲ့ ဧည့်သည်တွေက ဆိုင်ခန်းတွေရှိတဲ့နေရာထိ လာကြပါတယ်။ သီးသန့်လေးဆိုတော့ ပိုပြီး သာယာလှပသွားတာပေါ့”ဟု စျေးသည်တစ်ဦးက ဆိုသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း ၃၀၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို တောင်သမန်မယ်ဇယ်လွင်ပြင်တွင် စားသောက်ဆိုင် ၈ ဆိုင်နှင့် အမှတ်တရပစ္စည်းအရောင်ဆိုင် စုစုပေါင်း ၈၂ ဆိုင်ခန့်ရှိကြောင်းလည်း သိရသည်။