၁. ၂. ၂၀၂၄
Written by Min Mahar
မိကျောင်းရဲမြို့ရှိ နယ်မြေခံတပ်ရင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF များက လက်လုပ်ရှော့တိုက်ဒုံး ၂ လုံးဖြင့် ယနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၁ ရက်)မနက် ၈ နာရီ ၂၅ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ မိကျောင်းရဲမြို့ရှိ နယ်မြေခံတပ်ရင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒေသတွင်း PDF အဖွဲ့များက လက်လုပ်ရှော့တိုက်ဒုံး ၂ လုံးဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေခဲ့ရာ ဆားတိုင်ချောင်းနေရာတွင် လက်လုပ်ရှော့တိုက်ဒုံး ၁ လုံး(ကိုယ်ထည်မကွဲ၊ ဖြူးစ်ကွဲ)နှင့် မိကျောင်းရဲ- သစ်ရာကောက်သွားကားလမ်းဘေးတွင် လက်လုပ်ရှော့တိုက်ဒုံး ၁ လုံး(ကိုယ်ထည်မကွဲ၊ ဖြူးစ်ကွဲ)အား ထပ်မံတွေ့ရှိခဲ့ပြီး လူနှင့် အဆောက်အဦထိခိုက်ပျက်စီးသေဆုံးမှုမရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“မနက် ၈ နာရီကျော်လောက်က မြို့ရဲ့အရှေ့ဘက်လောက်ကနေ ရှူးဆိုပြီး ဗြောက်ဖောက်သလို အသံနှစ်သံတော့ ကြားလိုက်တယ်။ ခဏနေတော့ ရှော့တိုက်ဒုံးနဲ့ ပစ်တာလို့ ပြောသံကြားတာပဲ။ တပ်နဲ့အနီးနားမှာ တစ်လုံးတွေ့တယ်လို့လည်းကြားတယ်။ တိတိကျကျတော့ သေချာမသိပါဘူး။ အခြားထိခိုက်တာတွေလည်း ဘာမှ မကြားရဘူး” ဟု ရဲစခန်းအနီး နေထိုင်သူတစ်ဦးက ဆိုသည်။