October 20, 2024

၁.၂.၂၀၂၄
Translated by Htwe Ko Tun

ယူကရိန်းနိုင်ငံတွင် လူသိများရေပန်းစားသော စစ်တပ်အကြီးအကဲ ဗာလီရီ ဇာလူဇနီအား ဇန်နဝါရီ ၂၉ ရက်တွင်ယူကရိန်းသမ္မတအိမ်တော်သို့ အစည်းအဝေးလာရောက်ရန်ခေါ်ယူခဲ့ပြီး ၎င်းအား တာဝန်မှ ရပ်စဲခြင်းပြုခဲ့ကြောင်း အဆိုပါကိစ္စနှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်သော သတင်းအရင်းအမြစ်နှစ်ခုက စီအန်အန်သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံတွင် သမ္မတ ဇယ်လန်စကီးနှင့် ယူကရိန်းစစ်တပ်၏ ထိပ်ဆုံးအကြီးအကဲတို့အကြား တင်းမာမှုများမြင့်တက်နေသည်ဟု ရက်သတ္တပတ်အတန်ကြာခန့်မှန်းမှုများဖြစ်ပေါ်နေပြီးနောက် ဤကဲ့သို့သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

တရားဝင်ကြေညာချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိသေးသောကြောင့် ဇာလူဇနီအနေဖြင့် ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်းအထိ မူရင်းရာထူး၌ပင် တာဝန်ထမ်းဆောင်နေဆဲဟု သိရသည်။ သို့သော် သမ္မတ၏အမိန့်က ရက်သတ္တပတ်အကုန်တွင် ထွက်ပေါ်လာနိုင်သည်ဟုလည်း မျှော်လင့်ရသည်။ အကယ်၍သာ ထိုသို့ဆောင်ရွက်ခဲ့မည်ဆိုပါက ရုရှားနိုင်ငံက လွန်ခဲ့သည့်နှစ်နှစ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အချိန်မှစ၍ ယူကရိန်းစစ်တပ်အား ဇယ်လန်စကီးအနေဖြင့် သိသိသာသာ ပြန်လည်ဖွဲ့စည်းမှုလည်း ဖြစ်လိမ့်မည်ဖြစ်သည်။

အစည်းအဝေးနှင့်ပတ်သက်၍ ကောလာဟလများနှင့် ဇာလူဇနီ တာဝန်မှရပ်စဲခံရပြီဆိုသောသတင်းများက ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းတွင် ကီးအက်ဗ်မြို့တခွင်၌ ပျံ့နှံ့လျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း ယူကရိန်းတို့၏ တန်ပြန်ထိုးစစ်မအောင်မြင်ဘဲကျရှုံးခဲ့ရမှုက သမ္မတ ဇယ်လန်စကီးနှင့် ၎င်း၏စစ်ဘက်အကြီးအကဲအကြား ဤသို့သော အခြေအနေပြောင်းလဲမှုများကို ဖြစ်ပေါ်စေခြင်းဟု နားလည်ကြသည်။

ဇာလူဇနီက ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် The Economist Magazine နှင့် တွေ့ဆုံမေးမြန်းမှု၌လည်း ရုရှားနှင့်ဖြစ်ပွားရသောစစ်ပွဲက ယူကရိန်းနိုင်ငံအဖို့ မတိုးသာမဆုတ်သာသည့် အခြေအနေသို့ ရောက်ရှိနေရသည်ဟု ပြောခဲ့ရာတွင် သမ္မတဇယ်လန်စကီးနှင့် ဇာလူဇနီတို့၏ တင်းမာမှုများ ပို၍ မြင့်တက်လာခဲ့ရသည်။

ဇန်နဝါရီလ ၂၉ ရက်ကပင် သမ္မတ ဇယ်လန်စကီး၏ ပြောရေးဆိုခွင့်ရှိသူ ဆာဟစ်ဗ် နီကီဖိုရော့ဗ်က ယူကရိန်း စစ်တပ်အကြီးအကဲ ဗာလီရီ ဇာလူဇနီအား တာဝန်မှရပ်စဲလိုက်သည်ဆိုခြင်းက မမှန်ကန်ပါကြောင်း ပြောခဲ့သည်။ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုသတင်းမမှန်ကန်ဟု ငြင်းဆိုခဲ့သည်။

သို့သော် သတင်းအရင်းအမြစ်တစ်ခုအရ ကာကွယ်ရေးဝန်ကြီး ရူစတမ် ယူမီရောဗ့်လည်းတက်ရောက်သောသမ္မတရုံးတွင်ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုတစ်ရပ်၌ သမ္မတ ဇယ်လန်စကီးက လက်နက်ကိုင်တပ်ဖွဲ့ များ၏စစ်ဦးစီးချုပ်ဖြစ်သော ဇာလူစနီအား ၎င်းအနေဖြင့် တာဝန်မှရပ်စဲရန်ဆုံးဖြတ်ခဲ့သည်ဟုပြောခဲ့ကြောင်း သိရသည်။

အခြေအနေကိုအေးဆေးစေရန် ဇယ်လန်စကီးက ဇာလူစနီအား အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ပေးမည်ဟုပြောခဲ့သော်လည်း ဇာလူစနီ ကငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ခုကလည်း ဆိုသည်။

၂၀၂၃ ခုနှစ် ရုရှားတပ်ဖွဲ့များအားတန်ပြန်ထိုးစစ်တွင် အောင်မြင်မှုမရခဲ့သော်လည်း ယူကရိန်းစစ်တပ် အကြီးအကဲ ဇာလူစနီက နိုင်ငံ၏လူကြိုက်များ ရေပန်းအစားဆုံးခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက် တည်ရှိနေသည်။ ကီးအက်ဗ်မြို့ လူမှုဗေဒအဖွဲ့အစည်းက ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သော ဆန္ဒမဲဆန်းစစ်မှုတစ်ခုအရ ဇာလူစနီကို လူကြိုက်များထောက်ခံမှုက ၈၈ ရာခိုင်နှုန်းအထိရှိပြီး ဇယ်လန်စကီးမှာမူ ၆၂ ရာခိုင်နှုန်းသာထောက်ခံမှုရကြောင်း သိရသည်။ ထို့ကြောင့်လည်း အကယ်၍သာ ဇာလူစနီကို ဖယ်ရှားမည်ဆိုလျှင် အမှားတစ်ရပ်ကျူးလွန်ခြင်း‌ဖြစ်လိမ့်မည်ဟုလည်း သုံးသပ်လျက်ရှိကြသည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *