၁.၂.၂၀၂၄
Translated by Htwe Ko Tun
မော်တော်ကားလုပ်ငန်း၏ စာရင်းဇယားများအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လျှပ်စစ်ကားအများအပြား ပြည်ပသို့တင်ပို့နိုင်ခဲ့ခြင်းဖြင့် ကမ္ဘာ့မော်တော်ကား တင်ပို့မှုအများဆုံးနိုင်ငံနေရာကို ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံထံမှ လွှဲပြောင်းရယူနိုင်ခဲ့ကြောင်း သိရသည်။
ဂျပန်ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သောစာရင်းဇယားများအရ ဂျပန်နိုင်ငံ၏ ၂၀၂၃ ခုနှစ်အတွက် မော်တော်ကားတင်ပို့မှုမှာ ယခင်တစ်နှစ်ကထက် ၁၆ ရာခိုင်နှုန်း မြင့်တက်ကာ ကားစီးရေ ၄ ဒသမ ၄၂ သန်းအထိ တင်ပို့နိုင်ခဲ့ကြောင်း၊ သို့သော် ယခင်နှစ်ကထက် ကားတင်ပို့မှု ၅၈ ရာခိုင်နှုန်းမြင့်တက်လာပြီး ကားစီးရေ ၄ ဒသမ ၉၁ သန်း ပြည်ပတင်ပို့နိုင်ခဲ့သော တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ပေါ်တွင် ကားအစီးရေအများဆုံးတင်ပို့သောနိုင်ငံဖြစ်လာခဲ့ကြောင်း ဖော်ပြခဲ့သည်။
ကာဘွန်ထုတ်လွှတ်မှုများကို လျော့နည်းစေသော လျှပ်စစ်မော်တော်ကားများအား ကမ္ဘာတစ်ဝန်းလုံးတွင် ဝယ်လိုအားမြင့်မားလာခြင်းနှင့်အတူ BYD ကဲ့သို့ တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီများက ပြည်ပတင်ပို့မှုများတိုးပွားလျက်ရှိရာ တရုတ်အစိုးရ၏ ပြည်ပတင်ပို့မှုတန်ဖိုးပမာဏကိုလည်း မြင့်တက်ခိုင်မာစေခဲ့သည်။
ဂျပန်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ ကားထုတ်လုပ်သူများက ယူကရိန်းစစ်ပွဲကြောင့် ရုရှားနိုင်ငံသို့ ဓာတ်ဆီသုံးကားများ တင်ပို့မှုရပ်ဆိုင်းခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ရုရှားသို့ ဓာတ်ဆီသုံးကားများတင်ပို့မှုကလည်း တိုးတက်လာခဲ့သည်။ တိုယိုတာကဲ့သို့ ဂျပန်ကားထုတ်လုပ်သူများကလည်း လွန်ခဲ့သောနှစ်များအတွင်း ၎င်းတို့၏ထုတ်လုပ်မှု မဟာဗျူဟာများကို ပြန်လည်သုံးသပ်ခဲ့ကြသည်။ ၎င်းတို့ကရုပ်ကြွင်းလောင်စာစွမ်းအင်သုံးကားများ တင်ပို့ရမှုအပေါ်မှီခိုနေရခြင်းကိုလျော့နည်းစေ၍ လျှပ်စစ်ကားများထက် ခရီးသွားနိုင်မှုအကွာအဝေးတွင် များစွာသာလွန်သော ဓာတ်ဆီနှင့်လျှပ်စစ်စွမ်းအင် ဖက်စပ်သုံးသည့် ဟိုက်ဘရစ်ကားများတင်ပို့ရောင်းချရမှု ပိုမိုမြင့်မားလာစေရေးဆောင်ရွက်ရန် ရည်မှန်းခဲ့ကြသည်။
Ref- Bangkok Post