၃၁. ၁. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်လေတပ်မှ F – 16 တိုက်လေယာဉ်တစ်စီးမှာ ပျံသန်းမှုပြုနေစဉ် အရေးပေါ်အခြေအနေနှင့်ကြုံတွေ့ခဲ့ရပြီး တောင်ကိုရီးယားနိုင်ငံအနောက်တောင်ဘက် ကမ်းရိုးတန်း တွင် ဇန်နဝါရီ ၃၁ ရက်က ပျက်ကျခဲ့ရာ တောင်ကိုရီးယားအခြေစိုက် အမေရိကန်စစ်လေယာဉ်များမှ တစ်နှစ်ထက်နည်းသောကာလအတွင်းမှာပင် တတိယမြောက်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကိုရီးယားကျွန်းဆွယ်၏ အနောက်တောင်ဘက်ကမ်းရိုးတန်း ပင်လယ်ရေပြင်ပေါ်တွင် လေ့ကျင့်ပျံသန်းမှုပြုနေစဉ် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၁ မိနစ်၌ ပျက်ကျခဲ့ခြင်းဟုလည်း တောင်ကိုရီးယားရှိ အမေရိကန်လေတပ်၏ ကွန်ဆန်လေတပ်အခြေစိုက်စခန်းမှ ထုတ်ပြန်ချက်တစ်ခုက ဖော်ပြခဲ့သည်။ လေယာဉ်ပျက်ကျရာနေရာက ဆိုးလ်မြို့တော်၏တောင်ဘက် မိုင် ၁၁၀(ကီလိုမီတာ ၁၈၀) တွင်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုခဲ့သည်။
အမှတ် (၈) တိုက်ခိုက်ရေးလေယာဉ်အုပ်စုမှဟုသိရသော ထိုလေယာဉ်၏ လေယာဉ်မှူးကမူ လေယာဉ်ပျက်ကျချိန်တွင် လေယာဉ်မှူးထိုင်ခုံဖြင့် တွန်းကန်ထွက်၍ အသက်ဘေးမှလွတ်မြောက်ခဲ့ပြီး ပျက်ကျမှုဖြစ်ပွားပြီးနောက် မိနစ် ၅၀ အကြာတွင် ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်။ လေယာဉ်မှူးမှာ သတိရရှိလျက်ရှိပြီး ဆေးစစ်ဆေးမှုပြုရန် ဆေးဘက်ဆိုင်ရာဌာနတစ်ခုသို့ပို့ခဲ့ကြောင်း သိရသည်။ အမှတ် (၈) တိုက်ခိုက်ရေးလေယာဉ်အုပ်စု၏ တပ်မှူး ဗိုလ်မှူးကြီး မက်သယူး ဂက်ကီ က လေယာဉ်မှူးအားပြန်လည်ကယ်ဆယ်နိုင်ခဲ့ခြင်းအတွက်တောင်ကိုရီးယားတပ်ဖွဲ့များကို အထူးကျေးဇူးတင်ကြောင်းနှင့် ပျက်ကျလေယာဉ်ကို ပြန်လည်ဆယ်ယူနိုင်ရေးဆောင်ရွက်နေကြောင်းလည်း ပြောခဲ့သည်။
လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း လေတပ်စခန်းက ပြောခဲ့သည်။ အဆိုပါ F-16 လေယာဉ်ပျက်ကျမှုက တောင်ကိုရီးယားရှိ အမေရိကန်လေတပ်စခန်း များမှ တစ်နှစ်အတွင်း တတိယမြောက် F-16 လေယာဉ်ပျက်ကျမှုဖြစ်သော်လည်း ၎င်းတို့က ဆက်စပ်မှုမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ကွန်ဆန် လေတပ်စခန်းမှပင် F-16 လေယာဉ်တစ်စီးမှာ လေ့ကျင့်ပျံသန်းနေစဉ် တောင်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း၌ပျက်ကျခဲ့သည်။ ၂၀၂၃ ခုနှစ် မေလအတွင်းကလည်း နိုင်ငံတောင်ပိုင်း အိုဆန် လေတပ်စခန်းမှ F-16 လေယာဉ်တစ်စီးမှာ လေ့ကျင့်ပျံသန်းနေစဉ် စိုက်ပျိုးရေးလယ်မြေတစ်ခုအတွင်း ပျက်ကျခဲ့သေးသည်။
Ref- CNN