October 18, 2024

၃၁.၁.၂၀၂၄
Written by Hey Mar

ကြိတ်သားကတ်ထူပြားတွေတင်ဆောင်လာတဲ့ တွဲကား တိမ်းမှောက်မှုဖြစ်စဉ် ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့မှာဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်ကို မြေပြင်ကူညီမှုသွားရောက်ခဲ့တဲ့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်း တာဝန်ရှိသူထံက သိရပါတယ်။

အဆိုပါဖြစ်စဉ်က အုတ်တွင်းမြို့၊ မြောက်ဘက်အထွက် မှော်ယောတံတား “စိန်သဇင်” ဆီဆိုင်အနီးမှာဖြစ်ပွားခဲ့ပြီး၊ ဘီးလင်းမြို့ကနေ ကျောက်ဆည်မြို့ကို ကြိတ်သား ကတ်ထူပြားတွေ တင်ယူလာတဲ့ တွဲကားက လမ်းလယ်ခေါင်မှာ တိမ်းမှောက်သွားတာလို့ သိရပါတယ်။ လူမှုကူညီရေးအသင်းတွေက ခေါင်းခန်းထဲ ညပ်နေတဲ့ ယာဉ်အကူကို လမ်းဘေးက အများပြည်သူ အကူအညီနဲ့ ခက်ခက်ခဲခဲ သယ်ထုတ်ခဲ့ရပြီး ညာ‌ခြေ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“အရှိန်လွန်ပြီး တစ်ခုခုကို ရှောင်လိုက်တဲ့သဘောပါပဲ။ အဲ့ဒီနေရာက ယောင်ယောင်လေး အကွေ့ရှိတယ်။ အရင်က အကွေ့ကြီးတယ်။ ခုတော့ လမ်းတွေချဲ့ရင်းပြင်ရင်းနဲ့ အရမ်းတော့ မကွေ့ရတော့ဘူး။ ဒရိုင်ဘာငေးလိုက်တာလည်းပါတယ်လို့ သူ့ စပါယ်ယာက ပြောတယ်။ စပါယ်ယာ ခြေထောက်ဒဏ်ရာရပေမယ့် ဒရိုင်ဘာက ပွန်းပဲ့ရုံပဲ။ နှစ်ဦးစလုံးကို အုတ်တွင်းဆေးရုံကို ပို့ပေးခဲ့ပါတယ်”လို့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။

ဓာတ်ပုံ – ရင်ခုန်သံရှင်သန်ရေးလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *