October 18, 2024

၃၁. ၁ .၂၀၂၄
Written by Hey Mar

အလုပ်ကနေ စက်ဘီးနဲ့ပြန်လာသူတစ်ဦးကို ယာဥ်တိုက်ပြေးတယ်လို့ ယူဆရတဲ့ဖြစ်စဥ် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့မှာ မနေ့က ဇန်နဝါရီ ၃၀ ရက် ည ၇ နာရီ ဝန်းကျင်ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က အုတ်တွင်းမြို့ မြောက်ဘက်အထွက် ဝေပျံကွင်းထိပ်နား ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဖြစ်ပွားခဲ့ပြီး စက်ဘီးစီးလာသူ ကိုဇင်ကိုဖြိုး အသက် ၃၅ နှစ်ဝန်းကျင်ခန့်၊ ပဲခူးလမ်းရပ်ကွက်နေသူကို ကားတိုက်ပြေးတယ်လို့ ယူဆရတဲ့ ဒဏ်ရာ၊ ပျက်စီးမှုအနေအထားတွေနဲ့ သတိလစ်လဲကျနေတာကို တွေ့မြင်ရတယ်လို့ သိရပါတယ်။

တာဝန်သိပြည်သူတစ်ဦးက ပရဟိတအသင်းတွေဆီ အကြောင်းကြားတဲ့အတွက် ဒေသခံအသင်းတွေက ထွက်ခွာကူညီခဲ့ကြပြီး လူနာမှာ ဦးခေါင်းကွဲ၊ ခြေထောက် ပေါက်ပြဲ ဒဏ်ရာတွေနဲ့ သွေးထွက်များနေတဲ့ အနေအထားလို့ သိရပါတယ်။

“ဘေးကလည်း သတင်းမရ။ ပြီးတော့ဦးခေါင်း ဘယ်ဘက် ပြင်းထန်ထိခိုက်တယ်။ လူနာ အသက်ရှိနေသေးတာကြောင့် ရင်ခုန်သံ ရှင်/ကူ ယာဉ်နဲ့ တောင်ငူဆေးရုံကြီးသို့ အရေးပေါ် အချိန်မီ ကူညီပို့ဆောင်ပေးခဲ့ပေမယ့် တောင်ငူဆေးရုံကနေ နေပြည်တော်ကို ချက်ချင်းလွှဲတယ်။ ဒါပေမယ့် အခုမနက်အစောကပဲ ဆုံးလို့ ကျွန်တော်တို့အသင်းက Dead body တင်တဲ့ယာဥ်နဲ့ သွားသယ်နေပါပြီ”လို့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT Newsကို ပြောပါတယ်။

ယာဥ်တိုက်ခံရတယ်လို့ ယူဆရပြီးသေဆုံးသူမှာ အုတ်တွင်းမြို့ ပဲခူးလမ်းရပ်ကွက်(မြောက်ပိုင်း)မှာနေထိုင်သူလို့ သိရှိရပြီး ဂျပန်မီးရထားလမ်းဖောက်တဲ့ ဆိုတ် (၁) လုံခြုံရေးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *