MT News
၃၀. ၁. ၂၀၂၄
◾ မုံရွာမြို့နယ်၊ ထန်းပင်လှကျေးရွာကို PDF များက မီးရှို့ဖျက်ဆီး၍ လုယက်မှုကျူးလွန်
ဇန်နဝါရီလ ၃၀ ရက် နံနက် ၄ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မုံရွာမြို့နယ်၊ ထန်းပင်လှကျေးရွာကို တပ်မတော်မှ ဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး ဖြစ်စဉ်အမှန်မှာ ယနေ့နံနက် ၄ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် PDF များက မုံရွာမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ထန်းပင်လှကျေးရွာကို ဝင်ရောက်၍ နေအိမ်များအတွင်းရှိ ပစ္စည်းများဝင်ရောက် လုယက်ယူဆောင်၍ နေအိမ်အချို့အား မီးရှို့ခဲ့ခြင်းကြောင့် မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်းနှင့် ထန်းပင်လှကျေးရွာအနီးဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
◾ ကန်ကြီးထောင့်မြို့နယ်တွင် ကုန်တင်ယာဉ်များကို ၅၀၀၀၀ မှ ၈၀၀၀၀ ကြား ငွေတောင်းနေကြောင်း သတင်းမှား ဖြန့်
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ဇန်နဝါရီလ၂၈ ရက်နေ့မှစ၍ မြို့တွင်းသို့ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် အစားအသောက်၊ အဝတ်အထည်များ တင်ဆောင်သည့် ကုန်တင်ယာဉ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တားဆီးစစ်ဆေးပြီး ကုန်တင်ယာဉ် တစ်စီးလျင် ငါးသောင်းကျပ်မှ ရှစ်သောင်းကျပ်အထိ ငွေပေးမှသာ မြို့တွင်းသို့ ဝင်ခွင့်ပြုသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေမှုနှင့်ပတ်သက်၍ ဒေသခံများ၏ သတင်းပေးပို့မှုနှင့် ဧရာဝတီတိုင်းဒေသကြီးမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကန်ကြီးထောင့်မြို့နယ်တွင် စစ်ဆေးရေးဂိတ်မရှိကြောင်း၊ မြို့ဝင်ထွက်လမ်းဆုံများတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးဆိုင်ရာ ပူးပေါင်းစစ်ဆေးခြင်းများ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ထိုသို့စစ်ဆေးရာတွင်လည်း ငွေကြေးကောက်ခံမှုများမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
◾ပေါင်းတည်၊ နတ်ရေတွင်းရွာကို PDF များက ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းများ လုယက်
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းရွာမှ နေအိမ်များကို တပ်မတော်က ဇန်နဝါရီ ၂၇ ရက်နေ့တွင် ဒုတိယအကြိမ် မီးရှို့ခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး ဖြစ်စဥ်အမှန်မှာ PDF များက ဇန်နဝါရီ ၂၄ ရက်နေ့တွင် ၎င်းကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင်လည်း နတ်ရေတွင်းကျေးရွာသို့ ထပ်မံရောက်ရှိလာပြီး နေအိမ်ရှိ အဖိုးတန်ပစ္စည်းများ၊ စားစရာများကို ယူဆောင်၍ ဒုတိယအကြိမ် မီးရှို့ခဲ့ကြောင်းသိရှိရပြီး အဆိုပါကျေးရွာအနီးဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိကြောင်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
◾ အောက်ဆီဂျင်အိုးသွားသယ်သော လူမှုကူညီရေးယာဥ်အား PDF များက မိုင်းခွဲ၊ သေနတ်ဖြင့်ပစ်ပြီး ကားကိုမီးရှို့ဖျက်ဆီး
ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရေစကြိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဖြူစင် လူမှုကူညီရေးအသင်း၌ အသုံးပြုရန်လိုအပ်သည့် အောက်ဆီဂျင်အိုးများအား ပခုက္ကူမြို့၊ ရွှေသိမ်တော်အောက်ဆီဂျင်စက်ရုံမှ သွားရောက်သယ်ဆောင်ရန်အတွက် လူမှုကူညီရေးအဖွဲ့ဝင် နှစ်ဦးသည် အသင်းပိုင် SUPER CUSTOM လူမှုကူညီရေးယာဉ်ဖြင့် ရေစကြို-ပခုက္ကူကားလမ်းအတိုင်း မောင်းနှင်လာစဉ် ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာအနီးအရောက်၌ PDF များက လက်လုပ်မိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကာ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးအဖွဲ့ဝင်နှစ်ဦးသည် ယာဉ်ပေါ်မှခုန်ချထွက်ပြေးခဲ့၍ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း PDF များက လူမှုကူညီရေးယာဉ်အား မီးရှို့ ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။