MT News
၃၀. ၁. ၂၀၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပြီး အဓိကအားဖြင့် တစ်နိုင်ငံလုံးယှဥ်ပြိုင်မဲ့ နိုင်ငံရေးပါတီတွေအတွက် ခက်ခဲနေတဲ့ ပါတီဝင်ဦးရေ ၁ သိန်းဆိုတာကို ၅၀၀၀၀ အထိလျှော့ချပေးခဲ့သလို ပြည်ထောင်စုတစ်ဝန်းလုံးယှဥ်ပြိုင်မဲ့ပါတီတွေ ရုံးခန်းဖွင့်ရမဲ့အရေအတွက်ကိုလည်း အရင်က မြို့နယ်အားလုံး၏ ထက်ဝက်ဖွင့်ရမယ်ဆိုတာကနေ မြို့နယ်အားလုံးရဲ့ သုံးပုံတစ်ပုံအထိ လျှော့ချပေးလိုက်တာကို တွေ့ရပါတယ်။
ပြင်ဆင်ချက်ဥပဒေမှာဆိုရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (ဆ) ကို “လွှတ်တော်ပုံမှန်သက်တမ်းတစ်ရပ်အတွင်း မဲဆန္ဒနယ် တစ်ခုခု၌ ရွေးကောက်ပွဲရွှေ့ဆိုင်းထားရခြင်းကြောင့်ဖြစ်စေ” ဆိုတဲ့စာပိုဒ်ထုတ်ပယ်ပြီး “(ဆ) ကြားဖြတ်ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်း၊ ဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှရုပ်သိမ်းခံရခြင်းကြောင့် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် အခါအားလျော်စွာ ကော်မရှင်က သတ်မှတ် ကျင်းပသည့် ရွေးကောက်ပွဲကိုဆိုသည်။”လို့ ပြင်ဆင်ခဲ့တာတွေ့ရပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ မှာ – “(က) ပုဒ်မခွဲ(စ)၌ပါရှိသော “ရက်ပေါင်း ၉၀” ဆိုသည့် စကားရပ်ကို “ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ “ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀၀၀” ဆိုသည့် စကားရပ်ကို “ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀၀၀” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရမည်”ဆိုပြီး ပါတီဝင်ဦးရေကို ထက်ဝက်လျှော့ချပေးခဲ့ပါတယ်။
ဒါ့အပြင်”ပုဒ်မခွဲ(ဇ)၌ ပါရှိသော “ရက်ပေါင်း ၁၈၀” ဆိုသည့် စကားရပ်ကို “ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံးရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ “မြို့နယ်အားလုံး၏ အနည်းဆုံးထက်ဝက်” ဆိုသည့်စကားရပ်ကို “မြို့နယ်အားလုံး၏ အနည်းဆုံးသုံးပုံတစ်ပုံ” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရမည်”လို့ ပြင်ဆင်လျှော့ချပေးခဲ့တာကို တွေ့ရပါတယ်။
အထက်ပါအချက်တွေအပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၇ ကို“ပုဒ်မ ၁၇။ ပါတီတစ်ခုသည် –
(က) မိမိ၏နှစ်စဉ် ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့် စပ်လျဉ်းသည့် နှစ်ချုပ်စာရင်းပြုစုခြင်း၊ ပါတီစည်းမျဉ်းနှင့်အညီ အတည်ပြုချက်ရယူခြင်းတို့ကို သတ်မှတ် သည့်အတိုင်း ဆောင်ရွက်ရမည်။
( ခ ) ပုဒ်မ ၅ ပုဒ်မခွဲ (ဆ)အရ ငွေစာရင်းဖွင့်လှစ်ထားသည့် ပါတီရန်ပုံငွေ ကို ကော်မရှင်က ထုတ်ပြန်သည့် အမိန့် သို့မဟုတ် ညွှန်ကြားချက် နှင့်အညီ သုံးစွဲရမည်။” လို့ အစားထိုးခဲ့သလို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉ ကိုလည်း “(က) ပါတီတစ်ခုသည် ပုဒ်မ ၁၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၄)၊ (၅)၊ (၆)၊ သို့မဟုတ် (၇)ပါ အချက် တစ်ရပ်ရပ်နှင့် ငြိစွန်း၍ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ခံရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်။
(ခ) ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခြင်းမရှိသဖြင့် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ဤဥပဒေအရ မှတ်ယူခံရသောပါတီ သို့မဟုတ် ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဆင့်ထက်မနိမ့်သူတစ်ဦးဦးသည် ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၄)၊ (၅)၊ (၆) သို့မဟုတ် (၇)ပါ အချက် တစ်ရပ်ရပ်နှင့်လည်း ငြိစွန်းမှုရှိကြောင်း စိစစ်တွေ့ရှိရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်။
(ဂ) ပုဒ်မခွဲ (က)နှင့် (ခ)တို့အရအပ်နှံသည့် ပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းသည် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်။”လို့ အစားထိုးခဲ့တာကို တွေ့ရပါတယ်။