၃၀. ၁. ၂၀၂၄
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်၌ ပြုလုပ်မည့်အထွေထွေရွေးကောက်ကျင်းပရန် တစ်ပတ်ခန့်အလို ယနေ့တွင် ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင် ရှာမယ်မွတ် ကူရီရှီတို့နှစ်ဦးအား ပါကစ္စတန်တရားရုံးတစ်ရုံးက နိုင်ငံ၏ လျှို့ဝှက်ချက်များပေါက်ကြားစေခဲ့မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးကို ရာဝါလ်ပင်ဒီမြို့ရှိ အထူးတရားရုံးတစ်ရုံးက အမေရိကန်ပြည်ထောင်စုရှိ ပါကစ္စတန် သံအမတ်ဟောင်း ပို့ပေးခဲ့သော လျှို့ဝှက်ကေဘယ်လိုင်းကို အလွဲ သုံးစားပြုခဲ့၍ တရားဝင်လျှို့ဝှက်ချက်များအက်ဥပဒေအရ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ခန်းကမူ ၎င်းအပေါ် အဆိုပါစွဲချက်အားငြင်းဆိုခဲ့သည်။ ထို စွဲချက်မှာ ၂၀၂၂ ခုနှစ်တွင် ၎င်းအားဝန်ကြီးချုပ်ရာထူးမှဖယ်ရှားရန်အတွက် နိုင်ငံရေးပြိုင်ဘက်များနှင့်စစ်တပ်တို့က အမေရိကန်အစိုးရအကူအညီဖြင့် အကွက်ဆင်ဆောင် ရွက်ခဲ့ခြင်းဟု ပြောခဲ့သည်။ သို့သော် အမေရိကန်အစိုးရနှင့် ပါကစ္စတန်စစ်တပ်တို့က ထိုပြောကြားချက်မဟုတ် မှန်ဟု ငြင်းခဲ့ကြသည်။
ခန်းက ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်အဖြစ် ၂၀၁၈ ခုနှစ် ဩဂုတ်လမှ ၂၀၂၂ ခုနှစ် ဧပြီလအထိ တာဝန်ယူခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ၎င်းအား ပါလီမန်၌ အယုံအကြည်မရှိအဆိုတင်သွင်းရာတွင် ခန်းမှာရှုံးနိမ့်ခဲ့ပြီး စွဲချက်ပေါင်းများစွာဖြင့် ရင်ဆိုင်ရကာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စတင်ထောင်ကျခဲ့သည်။
ခန်း၏ PTI ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဇူလ်ဖီကာ ဘူခါရီ က PTI ပါတီအနေဖြင့် တရားရုံး၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်စိန်ခေါ်သွားမည်ဟု ပြောခဲ့သည်။ ၎င်းက “တရားရုံးဆုံးဖြတ်ချက်က ဥပဒေနဲ့လုံးဝမညီဘူး။ တော်တော့်ကိုစိတ်ပျက်စရာကောင်းတာပဲ။ ကျွန်တော်တို့ဘက်ကရှေ့နေတွေဆို ခန်းကို ကိုယ်စားပြု လျှောက်လဲခွင့်မရခဲ့ဘူး။ နှစ်ဖက်မျက်မြင်သက်သေတွေကိုလည်း စစ်ဆေးမှုမရှိဘူး” ဟုပြောခဲ့သည်။
ခန်းအပေါ် ဒုတိယစွဲချက်တစ်ခုကလည်း တစ်နှစ်နီးပါးကြာအောင်စစ်ဆေးလျက်ရှိသလို ၂၀၂၃ ခုနှစ် ဩဂုတ်လကလည်း လာဘ်ပေးလာဘ်ယူမှုဖြင့်ထောင်သုံးနှစ်ချခဲ့ရာ လာမည့်အပတ်အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။ PTI ပါတီ၏ခေါင်းဆောင်အများအပြားမှာ ပါတီမှနုတ်ထွက်လျက်ရှိကာ ပါတီဝင်များမှာလည်း အဖမ်းခံထားရ၍ ပါတီအနေဖြင့် ရွေးကောက်ပွဲမယှဉ်ပြိုင်နိုင်ရန် နှိပ်ကွပ်ခံထားရသည်ဟု ဆိုကြသည်။
Ref- Al Jazeera