October 18, 2024

၃၀. ၁. ၂၀၂၄
Translated by Htwe Ko Tun

ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့(UNRWA) သို့ အလှူငွေ အဓိက ထည့်ဝင်သည့် နိုင်ငံကြီးများအား ကုလသမဂ္ဂအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ်က နယူးယော့ခ်မြို့တွင် ဇန်နဝါရီ ၃၀ ရက်၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

UNRWA ၏ ပါလက်စတိုင်းဒုက္ခသည်များအတွက် ဝန်ထမ်း ၁၂ ဦးက အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဟားမားစ် တို့၏ အောက်တိုဘာလ ၇ ရက်က တိုက်ခိုက်မှုများ၌ ပါဝင်ပတ်သက်ခဲ့သည်ဟု အစ္စရေးနိုင်ငံက စွပ်စွဲခဲ့အပြီးတွင် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနှင့် ဂျပန် စသည့် အဓိက အလှူရှင်နိုင်ငံကြီးများအပါအဝင် နိုင်ငံအချို့က UNRWA သို့ ထပ်မံထည့်ဝင်ရမည့်အလှူငွေများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြရာတွင် အဆိုပါတွေ့ဆုံပွဲက ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

UNRWA ၏ဝန်ထမ်းများအပေါ် ဤကဲ့သို စွပ်စွဲခဲ့ခြင်းအတွက် များစွာထိတ်လန့်တုန်လှုပ်မိခဲ့ကြောင်းလည်း ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဂူတာရီးစ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရင်က ပြောခဲ့သည်။ အတွင်းရေးမှူးချုပ်က အေဂျင်စီသို့ အလှူငွေများဆိုင်းငံ့ခဲ့သော အလှူရှင်နိုင်ငံများနှင့် တွေ့ဆုံခဲ့ခြင်းက အနည်းဆုံးအားဖြင့် UNRWA ၏ လုပ်ငန်းစီမံချက်ဆောင်ရွက်နေမှုများ ရပ်တန့်မသွားရန်လည်းဖြစ်ကြောင်း စတီဖင်ကပြောခဲ့သည်။ UNRWA က အရှေ့အလယ်ပိုင်းဒေသအတွင်း ၎င်း၏စီမံချက်လုပ်ငန်းများ၌ ဝန်ထမ်း သောင်းနှင့်ချီ၍ လည်ပတ်ဆောင်ရွက်နေခြင်းဟု သိရသည်။

ထို့ပြင် ဂူတာရီးစ်က ဇန်နဝါရီလ ၂၉ ရက်ကလည်း ကုလသမဂ္ဂသို့ အမေရိကန်ပြည်ထောင်စု၏ကိုယ်စား လှယ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ UNRWA အနေနှင့် စွပ်စွဲချက်များအတွက် ချက်ချင်းပင်တုံ့ပြန်ဆောင်ရွက်မှုများပြုနေသော်လည်း ဂါဇာဒေသတွင် လုပ်ငန်းများအတွက် အနောက်အုပ်စု၏ အလှူငွေကို အားထားနေရသော UNRWA အဖို့ အလှူငွေများရပ်ဆိုင်းသွားပါက လုပ်ငန်းများလည်းရပ်ဆိုင်းကာ ပါလက်စတိုင်းပြည်သူများကိုသာ အဓိကထိခိုက်စေလိမ့်မည်ဖြစ်သည်။

Ref- The Guardian

Leave a Reply

Your email address will not be published. Required fields are marked *