၃၀. ၁. ၂၀၂၄
Written by Hey Mar
ဒီနေ့ ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ လဲကျနေတဲ့ စွန့်ပစ်ခံအမျိုးသားကြီးတစ်ဦးကို MZK လူမှုကူညီကယ်ဆယ်ရေးအသင်းနဲ့ ရှင်သန်ရေးကူညီမှုအသင်းတို့ပူးပေါင်းပြီး သန်လျင်သဘာဝတရားရိပ်သာဆီ ရှင်သန်ရေးလူမှုကူညီရေး အသင်းကားနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသားကြီးက အသက် ၅၅ နှစ်အရွယ် ဦးမျိုးသန်းဖြစ်ကြောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မေတ္တာညွှန့် ၈ လမ်းမှာ နေထိုင်ပြီး သူ့ကို ဒီမှာလာရောက်စွန့်ပစ်သွားကြောင်းသာ စကားမေးရတယ်လို့ MZK လူမှုကူညီရေးအသင်းက MT News ကိုပြောပါတယ်။ စွန့်ပစ်ခံ အမျိုးသားကြီးနဲ့အတူ ရန်ကုန်ဆေးရုံကြီး ဆေးကုသမှုမှတ်တမ်းတချို့နဲ့ ငွေကျပ် တစ်သောင်းတစ်ထောင်ခန့်ပါရှိတဲ့ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ပိုးထားတဲ့ အဝတ်တစ်စုံကို တွေ့ရတယ်လို့ အသင်းတာဝန်ရှိသူက ဆိုပါတယ်။
MZK လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “စွန့်ပစ်ခံ လူနာက ဆီးဝမ်းမထိန်းနိုင်တဲ့ ဝေဒနာ ခံစားနေရတယ်။ လမ်းမလျှောက်နိုင်ဘူး။ ခြေထောက်တွေဖောယောင်နေတယ်။ သူ့အကြောင်းကို သူနေထိုင်တဲ့နေရာ အကြမ်းဖျင်းကလွဲရင် ဘာမှ မပြောဘူး။ မေးလို့လည်း မရဘူး။ ငိုတယ်။ သူ့ကို နေထိုင်လို့ရတဲ့ ကျောတစ်ခင်းစာတစ်နေရာရာသာပို့ပေးပါ၊ ဆေးရုံလည်း မပို့ပါနဲ့လို့တောင်းပန်တာနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ခေါ်ဆောင်ပြီး စာရွက်စာတမ်းတွေ ထောက်ခံချက်တွေတောင်းပြီး သန်လျင်သဘာဝတရားရိပ်သာကို ပို့ဆောင်ပေးခဲ့ပါတယ်”လို့ MT News ကဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
မနေ့က ဇန်နဝါရီ ၂၉ ရက်နေ့ မနက်ပိုင်းကလည်း ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ၊ ကမ္ဘာအေးဘုရား မှတ်တိုင်မှာ ကျန်းမာရေးမကောင်း အာဟာရပြတ်လပ်နေတဲ့ အမျိုးသားကြီးတစ်ဦးကို မိသားစုက လာရောက်စွန့်ပစ်ထားတာကို လူမှုကူညီရေးအသင်းတွေက သန်လျင်သဘာဝတရားရိပ်သာဆီ ပို့ဆောင်ပေးခဲ့ပေမယ့် ဒီမနက်အစောမှာတော့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ဒီလထဲမှာ စွန့်ပစ်လူနာ ကူညီကယ်ဆယ်ရတာ ဖြစ်စဉ်နှစ်ခုရှိနေပြီ။ စွန့်ပစ်လူနာတွေ ကူရတဲ့ ဖြစ်စဉ် တော်တော်များများ ရှိပေမယ့် သေချာတော့မှတ်မထားဖြစ်ဘူး။ တစ်လထဲတော့ ကူရတာ နှစ်ကြိမ်၊ ဒီလအစက ကူတဲ့ဖြစ်စဉ်က အသက် ၄၀ ဝန်းကျင် အမျိုးသားနဲ့ ငါးနှစ်အရွယ် သားအဖ နှစ်ဦး၊ အမျိုးသားက ခါးဆစ်ရိုးပြုတ်ပြီး လမ်းမလျှောက်နိုင်တော့တာ။ မိသားစုက စွန့်ပစ်ထားတာပဲ။ လိပ်စာမေးပြီးလိုက်ပို့တော့ အတင်း မဟုတ်ဘူး မသိဘူး ငြင်းတာနဲ့ သန်လျင် သဘာဝတရားရိပ်သာကိုပဲ ပို့ပေးရပြန်တာပဲ။ တစ်ခါကလည်း အသက် ၁၁ နှစ်လောက်ပဲရှိမယ် အိမ်အကူကလေးကို အိမ်ရှင်တွေက လမ်းဘေးပစ်ထားခဲ့တာ။ ကလေးက သူ့နေရပ်သူ မပြန်တတ်နဲ့ မိသားစု လိုက်ရှာပေးရတဲ့ ဖြစ်စဉ်တွေ အတော်များများကြုံရပါတယ်”လို့ MZK လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်စဉ် ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
ဓာတ်ပုံ – MZK လူမှုကူညီရေးအသင်း