October 18, 2024

၃၀. ၁. ၂၀၂၄
Written by Pan Ei

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့အရှေ့ဘက်က Elizabeth Bay ဆိပ်ကမ်းမှာ မနေ့က ညနေပိုင်းနေဝင်ချိန် ရေကူးနေတဲ့ အမျိုးသမီးတစ်ဦး ငါးမန်း ကိုက်ခံရမှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ငါးမန်ကိုက်ခံရသူဟာ Lauren O’Neill လို့ အမည်ရတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သူမဟာ တနင်္လာနေ့ ညနေပိုင်းက ဆစ်ဒနီဆိပ်ကမ်းရှိ ဆိပ်ခံတံတားအနီးမှာ သူ့ရဲ့ ခြေထောက်အကိုက်ခံရပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ခြင်းဖြစ်ကာ သူမရဲ့ အကူအညီတောင်း အော်ဟစ်သံကြားပြီးနောက် ဒေသခံတွေက အခင်းဖြစ်ရာကို အမြန်ပြေးသွားပြီး ရှေးဦးသူနာပြုနည်းတွေနဲ့ ဒဏ်ရာတွေကို စီမံဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆစ်ဒနီ ဆိပ်ကမ်းဟာ နွားငါးမန်း(Bull Shark) တွေအတွက် လူသိများတဲ့ နေရာတစ်ခုဖြစ်ပေမဲ့ အဆိုပါဧရိယာမှာတော့ ငါးမန်းကိုက်ခံရမှုဖြစ်စဉ်တွေက ရှားပါးလှပါတယ်။

နယူးဆောက်ဝေးလ်ပြည်နယ် ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသမီးကို ဆေးရုံ ပို့ဆောင်ခဲ့ပြီး “အခုလက်ရှိမှာတော့ တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေတယ်” လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို အကိုက်ခံရတဲ့ ဓာတ်ပုံတွေကို အခြေခံပြီး သူမဟာ နွားငါးမန်း အကိုက်ခံရတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဆစ်ဒနီ ဆိပ်ကမ်းမှာ ငါးမန်းတိုက်ခိုက်မှုက ရှားပါးပေမဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ ရေတပ်ရေငုပ်သမားဟောင်း Paul de Gelder က ဆစ်ဒနီ ဆိပ်ကမ်းမှာ အကြမ်းဖက်မှုနှိမ်နင်းရေးလေ့ကျင့်မှုတစ်ခုအတွင်း နွားငါးမန်းတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးနောက် လက်တစ်ဖက်နဲ့ ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့ရဖူးပါတယ်။

Ref; ABC News

Leave a Reply

Your email address will not be published. Required fields are marked *