October 18, 2024

မင်းလှ၊ ဝက်လှကလေးကျေးရွာအုပ်ချုပ်ရေးမှူးကို PDF က ပစ်ခတ်၍ ပါးပြင်ကျည်ထိ

၃၀. ၁. ၂၀၂၄
Written by Nay Moe

ရေနံချောင်းမြို့နယ် ရွာသစ်ကြီးရွာအုပ်ချုပ်ရေးမှူးကို သတ်ဖြတ်ပြီး ဆိုင်ကယ်နှင့် ဖုန်းလုယက်မှုနှင့် မင်းလှမြို့နယ် ဝက်လှကလေးကျေးရွာအုပ်ချုပ်ရေးမှူးကို PDF က သေနတ်ဖြင့် ပစ်ခတ်၍ ပါးပြင်ကျည်ထိမှန်ဒဏ်ရာရမှု ဇန်နဝါရီ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၇ ရက် နေ့လယ် ၁၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ချို (၅၃)နှစ်သည် ဖရဲကျွန်းကျေးရွာမှ ၎င်း၏နေအိမ်သို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် ပြန်လာခဲ့ရာ ညနေ ၃ နာရီကျော်ထိ နေအိမ်သို့ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ၎င်း၏ဇနီး ဒေါ်အိအိခိုင် (၄၈)နှစ်မှ ဆွေမျိုးများနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ ဦးအောင်ချိုအား ရွာသစ်ကြီးကျေးရွာ၏ အနောက်ဘက် ကိုက် ၂၀၀ ခန့်အကွာ တောစပ်အမှိုက်ပုံ အနီး၌ အကြမ်းဖက်သမား(စိစစ်ဆဲ)များက ရက်စက်စွာသတ်ဖြတ်ခဲ့မှုကြောင့် ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ ၁၅ ချက်၊ နောက်ကျောပြတ်ရှဒဏ်ရာသုံးချက်တို့ဖြင့် သေဆုံးနေပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား အဆိုပါအကြမ်းဖက်သမားများက လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၃ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဝက်လှကလေးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လွင် (၅၅)နှစ်သည် စစ်ကွင်းမြို့မှ ဈေးဝယ်ပြီး ဝက်လှကလေး ကျေးရွာသို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကြို့ကုန်း(၂)ကျေးရွာအရောက်၌ ၎င်းနှင့် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ်မှ PDF နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးဇော်လွင်တွင် ဝဲပါးကျည် ရှပ်ထိဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး ဦးဇော်လွင်အား ဆေးကုသမှုခံယူနိုင်ရေး စစ်ကွင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာမှ ၉ မမကျည်ခွံသုံးခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *