၃၀. ၁. ၂၀၂၄
Written by Pan Ei
ကမ္ဘာကျော် ဘီလျံနာ အီလွန်မက်စ် ပိုင်တဲ့ Neuralink ရဲ့ ပထမဆုံး လူသားတွေရဲ့ ဦးနှောက်ထဲ စက်ပစ္စည်း (ချစ်ပ်ပြား) ထည့်သွင်းတဲ့ စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ အီလွန်မက်စ်က ဆိုရှယ်မီဒီယာပလက်ဖောင်း X မှာ မနေ့က ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီရဲ့ ရည်မှန်းချက်က လူ့ဦးနှောက်ကို ကွန်ပျူတာတွေနဲ့ ချိတ်ဆက်ဖို့ဖြစ်ပြီး ရှုပ်ထွေးတဲ့ အာရုံကြောဆိုင်ရာ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကူညီပေးလိုတယ်လို့ ဆိုထားခဲ့ခြင်းဖြစ်ကာ လက်ရှိမှာတော့ ကနဦး ရလဒ်တွေအရ ချစ်ပ်ပြားထည့်ထားတဲ့ လူနာမှာ ကောင်းမွန်တဲ့ အလားအလာရှိတဲ့ အာရုံကြောတွေ နှံ့စပ်နေတာကိုတွေ့ရှိခဲ့ပြီး လူနာဟာ ပြန်လည်ကောင်းမွန်လာခဲ့တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
အဆိုပါ Neuralink ရဲ့ ကြိုးမဲ့ပထမဆုံးထုတ်ကုန်ကို Telepathy လို့ မက်စ်က အမည်ပေးထားပြီး Telepathy က “မင်းရဲ့ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကို ထိန်းချုပ်နိုင်ပြီး တွေးကြည့်ရုံနဲ့ စက်ပစ္စည်းတိုင်းနီးပါးကို အဲ့ဒါကနေတစ်ဆင့် ဖွင့်နိုင်မယ်”လို့ ဆိုပါတယ်။
ခုလို ချစ်ပ်ပြားထည့်သွင်းတဲ့ နည်းပညာကို ကနဦးအသုံးပြုစေမဲ့သူတွေက ခြေလက်အင်္ဂါတွေ အသုံးပြုမှု ဆုံးရှုံးသွားသူတွေ ဖြစ်လိမ့်မယ်လို့လည်း မက်စ်က သီးခြားပိုစ့်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
အီလွန်မက်စ်ရဲ့ကုမ္ပဏီဟာ ခုလိုစမ်းသပ်မှုအတွက် ခွင့်ပြုချက်ရရှိဖို့ အစောပိုင်းက ရုန်းကန်ခဲ့ရပြီး စမ်းသပ်လေ့လာမှုအတွက် FDA ရဲ့ ခွင့်ပြုချက်ကို ပြီးခဲ့တဲ့နှစ် မေလကမှ ရရှိခဲ့သလို လေဖြတ်လေငန်းရောဂါဝေဒနာခံစားနေသူတွေမှာ ပထမဆုံးလူသားစမ်းသပ်သုံးစွဲမှုအဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလက ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပါတယ်။
အီလွန်မက်စ်က သူ့စမ်းသပ်တီထွင်မှုအတွက် ကြီးမားတဲ့ ရည်မှန်းချက်ထားရှိပုံရပြီး အကျိုးကျေးဇူးများသလို ဘေးထွက်ဆိုးကျိုးလည်းရှိနေနိုင်တာကြောင့် Neuralink ကတော့ စောင့်ကြည့်သွားရမယ့် နည်းပညာတစ်ခုပဲဖြစ်ပါတယ်။
Ref; Reuters