၃၀. ၁. ၂၀၂၄
Written by Nay Moe
တပ်မတော်၏ Eurocopter 365 တစ်စီးအား ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က KNLA ပူးပေါင်းတပ်က ပစ်ချဖျက်ဆီးနိုင်ခဲဲ့ပြီး လိုက်ပါလာသူ ငါးဦးသေဆုံးသည်ဟု KNU က သက်သေဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
Eurocopter 365 တစ်စီးအား ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်း ပစ်ချ ဖျက်စီးနိုင်ခဲ့သည်ဆိုသည့် ဖြစ်စဥ်မှာ တပ်မတော်၏ အမှတ် (၃၂) ဗျူဟာပူးပေါင်းတပ်ဖွဲ့မှ KNU- ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန် လာသော မော်လမြိုင် ရတခတပ် Mi – 35P Attack Helicopter တစ်စီးနှင့် Eurocopter 365 တစ်စီးတို့အား KNLA ပူးပေါင်းတပ်ဖွဲ့တို့မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ Eurocopter 365 တစ်စီးအား ပစ်ချနိုင်ခဲ့ပြီး ထိုလေယာဥ်တွင် လိုက်ပါလာသော ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ဗိုလ်မှူး (၃) ဦး နှင့် ဗိုလ်ကြီး (၁) ဦး စုစုပေါင်း (၅) ဦး သေဆုံးကာ (၁) ဦး ဒဏ်ရာရခဲ့သည်ဟုလည်း KNU က ဆိုသည်။
အထက်ပါဖြစ်စဥ်နှင့် ပတ်သက်၍ တပ်မတော်က သတင်းထုတ်ပြန်ခြင်း၊ ငြင်းဆိုခြင်းမရှိသေး၍ MT News သတင်းဌာနက တာဝန်ရှိသူများထံ ဆက်သွယ်အတည်ပြုနေပြီး ဖြစ်စဥ်အမှန်ကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။