၃၀. ၁. ၂၀၂၄
Written by Nyein Kyaw
၂၀၁၇ ခုနှစ်နှောင်းပိုင်းမှစ၍ နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့ပြီး SAC အစိုးရ စတင်တာဝန်ယူသည့် ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိနေသော်လည်း နိုင်ငံ့စီးပွားရေးကို ဦးစား ပေးဆောင်ရွက်ခဲ့ခြင်းကြောင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးပြဿနာများဖြစ်နေသည့်ကြားမှပင် နိုင်ငံ့စီးပွားရေးကို ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ကာ ပြီးခဲ့သည့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်းနှင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာ လအထိ နိုင်ငံ့စီးပွားရေး ၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ကာ ကချင်၊ ကယားနှင့် ရခိုင် ပြည်နယ်တို့မှလွဲ၍ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး အပေါင်းလက္ခဏာပြခဲ့သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် ပြောကြားခဲ့သည်။
ထိုသို့ စီးပွားရေးတိုးတက်သော်လည်း မိမိတို့နိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုများရှိနေပြီး အဓိကအားဖြင့် ထုတ်လုပ်မှုနှင့် လိုအပ်မှု ကွာဟချက်များရှိခြင်း၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားခြင်း စသည့် အချက်များကြောင့်ဖြစ်ကာ ကုန်ထုတ်လုပ်မှု တန်ဖိုးမြင့်တက်လာပါက ထုတ်ကုန်များ၏ တန်ဖိုးမှာလည်း မြင့်တက်လာမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းများကို ဆောင်ရွက်ရာတွင် အချို့မှာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် မညီစွာဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ ထို့အတူ Non Trade Income များအနေဖြင့်လည်း သတ်မှတ်စည်းကမ်းများနှင့် ညီညွှတ်မှုမရှိစွာ ဆောင်ရွက်နေသည်ကိုလည်း တွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေရရှိမှုများ နည်းပါးလာသဖြင့် ငွေလဲလှယ်နှုန်းထားများ မြင့်တက်လာပြီး နိုင်ငံခြားမှ တင်သွင်းသည့် ကုန်ပစ္စည်းများ၏ သွင်းအားစုတန်ဖိုး မြင့်တက်လာခြင်းကြောင့် ကုန်ပစ္စည်းများ ဈေးနှုန်းများ ကြီးမြင့်လာခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအရ ဆူပူအကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့မှု၊ နိုင်ငံတကာမှ အပြုသဘော မဆောင်သည့် တုန့်ပြန်မှုများ မရှိခဲ့ပါက ယခုထက်များစွာ တိုးတက်မည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။