◾ ပရိသတ်အကြိုက် ရင်ဘတ်ထဲက အကယ်ဒမီနဲ့ ပညာရှင်တွေပေးအပ်မယ့် အကယ်ဒမီ ရင်ဘတ်ချင်းထိမလားဆိုတာကတော့ စင်မြင့်ထက်မှာကြည့်ရှု့ရမှာပါဟု အကယ်ဆုရွေးချယ်ရေးဥက္ကဋ္ဌ ပြော
၃၀.၁.၂၀၂၄
Written By Thandar
ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လာတဲ့ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းမှာ နေပြည်တော် MICC -1 မှာ ကျင်းပမယ့် ၂၀၂၃ ခုနှစ်မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ပရိသတ်အကြိုက် ရင်ဘတ်ထဲက အကယ်ဒမီနဲ့ ပညာရှင်တွေပေးအပ်မယ့် အကယ်ဒမီ ရင်ဘတ်ချင်းထိမလားဆိုတာကတော့ စင်မြင့်ထက်မှာကြည့်ရှု့ရမှာပါလို့ အကယ်ဒမီထူးချွန်ဆု ရွေးချယ် စိစစ်အကဲဖြတ်အဖွဲ့ဝင် ဥက္ကဋ္ဌ ဒါရိုက်တာ အကယ်ဒမီ ဦးဇော်မြင့်ဦးက ပြောပါတယ်။
“ဒီနှစ်အကယ်ဒမီ စာရင်းဝင် ၁၂ ကားကို တတိယအကြိမ်ကြည့်ရှု့ပြီးစီးလို့ ချိပ်ပိတ်ထားပါပြီ။ Nomination စာရင်းဝင် ၁၂ကားကိုတော့ ဒီရက်ပိုင်းမှာ အတိအလင်းကြေညာပေးမှာပါ။ ခုချိန်ထိက အထက်က စာရင်းတွေထုတ်ပြန်ဖို့ အကြောင်းမကြားလာသေးလို့ မပြောသေးတာပါ။ ဘယ်သူတွေ အကယ်ဒမီ ရရှိမယ်ဆိုတာကိုတော့ အဲဒီနေ့မှ အမှတ်တွေပေါင်းပြီး ကြေညာပေးမှာဖြစ်ပါတယ်။ ပရိသတ်အကြိုက် ရင်ဘတ်ထဲက အကယ်ဒမီနဲ့ ပညာရှင်တွေပေးအပ်မယ့် အကယ်ဒမီ ရင်ဘတ်ချင်းထိမလားဆိုတာကတော့ စင်မြင့်ထက်မှာကြည့်ရှု့ရမှာပါ”လို့ အကယ်ဒမီထူးချွန်ဆု ရွေးချယ် စိစစ်အကဲဖြတ်အဖွဲ့ဝင် ဥက္ကဋ္ဌ ဒါရိုက်တာ အကယ်ဒမီ ဦးဇော်မြင့်ဦးက ပြောပါတယ်။
ဒီနှစ်မှာ မြန်မာ့ရုပ်ရှင်အကယ်ဒမီ စာရင်းဝင် ဇာတ်ကားပေါင်း ၃၅ ကားရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားတွေထဲက The Teacher ဆရာမ ၊ စောင်နီလေးတစ်ထည် ၊ ရည်ရွယ်မိုး ၊ ဘယ်တော့မှအရှုံးမပေးဘူး ၊ ငါမုန်းတဲ့အက္ခရာ ၊ စတုတ္ထမြောက်သွေးကြောမျှင် ၊ စာရွက်တံခါး ၊ ကိုယ်ပွား၊ အဓိပ္ပါယ်ရှိသောကြယ် ၊ အချိန်လွန်မိုး ၊ ကံကောင်း ၊ စာရိတ္တ စတဲ့ဇာတ်ကားတွေကတော့ ပရိသတ်တွေ စိတ်ဝင်စားမှုကြောင့် ကြည်ရှု့စစ်ဆေးမှု ၁၂ ကားမှာ ပါဝင်လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ထားတာလည်း ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုအတွက် စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၂ ကားထဲမှာလည်း ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ အနုပညာဖန်တီးမှုတွေအပြင် ဒီနှစ်မှာတော့ တက်သစ်စ အနုပညာရှင်တွေ၊ အတတ် ပညာရှင်တွေဖန်တီးထားကြတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း အကယ်ဒမီစာရင်းမှာ ပါဝင်နေတယ်ဆိုတာကြောင့် အပြီးသတ် ၁၂ ကားနဲ့ အကယ်ဒမီရရှိမယ့်သူတွေက ပရိသတ်ခန့်မှန်းချက်နဲ့ကိုက်ညီမှုရှိမလားဆိုတာကိုလည်း မကြာခင် တွေ့မြင်ရမှာပါ။
အကယ်ဒမီ ထူးချွန်ဆုကို အရင်နှစ်တွေက ဆုအရေ အတွက်အနေနဲ့ ဆုပေါင်း ၁၁ ဆုကိုချီးမြှင့်ခဲ့တာဖြစ်ပြီး အထူးဆုအဖြစ် တစ်ဆုချီးမြှင့်တဲ့အတွက် စုစုပေါင်းအကယ်ဒမီဆု ၁၂ ဆုကို ပေးအပ်လာတာလည်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုမှာတော့ ဆုပေါင်း ဘယ်နှစ်ဆုပေးမယ်ဆိုတာကလည်း စိတ်ဝင်စားစရာလည်းဖြစ်ပါတယ်။