၂၉. ၁. ၂၀၂၄
Written by Nay Aung
တရုတ်အစိုးရအနေဖြင့် ဘင်္ဂါလီများ စောစီးစွာပြန်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ အပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် ကြိုးပမ်းလျက်ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယိုဝမ်ကထုတ်ဖော်ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် တရုတ်အစိုးရသည် ယခင်တုန်းက ကြားဝင်ဆောင်ရွက်ပေးခဲ့ဖူးကြောင်း၊ ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ပြန်ပို့နိုင်ရန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်နေကြောင်း တရုတ်သံအမတ်ကြီးက ထပ်မံပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ အောက်တိုဘာလမှစတင်ပြီး တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်တက်လာခဲ့မှုနှင့်အတူ ရခိုင်ပြည်နယ်တွင်လည်း နိုဝင်ဘာလတည်းက လက်ရှိအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေသည်။
“မြန်မာအစိုးရဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုင်းရင်းသားလက်နက်တွေနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သုံးခု ရရှိခဲ့တယ်။ တရုတ်အစိုးရဟာ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်း နောက်ထပ်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထပ်မံရယူနိုင်အောင်ကြိုးပမ်းနေတယ်။ ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေးရရှိမှသာ ဘင်္ဂါလီတွေပြန်ပို့ရေးလုပ်ငန်းတွေစတင်နိုင်ဖွယ်ရှိနေပါတယ်” ဟု ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနကိုယ်စား လှယ်တစ်ဦးဖြစ်သူ Gwyn Lewis ကမူ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် လက်ရှိအချိန်မှာ ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ပြန်ပို့ရန် အချိန်ကောင်းမဟုတ်သေးကြောင်း ပြောသည်။
တရုတ်အစိုးရသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့အစည်းများကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူနိုင်ရန် ပြီးခဲ့သောလပိုင်းက ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း သိရသည်။
Ref thefinancialexpress.