၂၉. ၁. ၂၀၂၄
Written by Nyein Kyaw
အဖျက်အမှောင့်လုပ်ဆောင်နေသူများက အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာအောင် ဆောင်ရွက်နေ၍ မကြာမီ ကျင်းပမည့် အခြေခံပညာစာမေးပွဲများ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအားလုံး အထူးအလေးထား ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် မှာကြားခဲ့သည်။
လာမည့် ဖေဖော်ဝါရီနှင့် မတ်လတို့တွင် အခြေခံပညာစာမေးပွဲများ ကျင်းပတော့မည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး အထူးအလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးဝာာဝန်ရှိသူများ၊ ရပ်ရွာအကျိုးလိုလားသူများ အတူတကွ ဝိုင်းဝန်းပေါင်းစပ်၍ ဆောင်ရွက်ကြရန် SAC ဥက္ကဋ္ဌက ပြောကြားသည်။
စာသင်နှစ် တစ်နှစ် နစ်နာခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တိုင်းပြည်အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်စေသည့်အတွက် နစ်နာမှုမရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်၊ အဖျက်အမှောင့် လုပ်ဆောင်နေသူများအနေဖြင့် ကိုယ်ချင်းစာတရားကင်းမဲ့စွာ၊ အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာအောင် ဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ညီညွတ်သည့်အားဖြင့် ပညာရေးကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပညာရေးနှင့်ဆက်စပ်၍ တစ်နိုင်ငံလုံးတွင်ရှိသည့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များအားလုံး ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသော်လည်း နယ်မြေအခြေအနေကြာင့် ဖွင့်လှစ်နိုင်မှုမရှိကြောင်း၊ ဥပမာအားဖြင့် ကယားပြည်နယ်၊ ချင်းပြည် နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်တို့ရှိ အချို့သောမြို့နယ်များ၌ လက်နက်ကိုင် အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာထိခိုက်နစ်နာခဲ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။