၂၉. ၁. ၂၀၂၄
Written by Phyo Wei
စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ဓာတ်မြေဩဇာကို တင်သွင်းလိုတဲ့ကုမ္ပဏီများနေပေမဲ့ ဈေးနှုန်းသက်သာချိန် လိုသလောက် မဝယ်ယူနိုင်လို့ လာမယ့်ဘဏ္ဍာနှစ်မှာ ဖြန့်ဖြူးရေးတင်ဒါကို ဈေးပြိုင်စနစ်နဲ့ ဆောင်ရွက်မယ်ဆိုတဲ့ ရက်သတ္တပတ်မှာပဲ ကမ္ဘာ့ရွှေဈေးနှုန်း တည်ငြိမ်နေပေမဲ့ ရွှေအတုံးနဲ့အခဲတွေ ပြန်အဝယ်လိုက်လာလို့ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၉ သိန်းနီးပါးအထိ မြင့်တက်ခဲ့ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရွှေစျေးကွက်ဟာ ဗဟိုဘဏ်က ဒေါ်လာစျေးကို မထိန်းချုပ်ချိန်ကတည်းက ကမ္ဘာ့ရွှေပေါက်စျေးနဲ့ တွက်ချက်ရောင်းချနေတယ်ဆိုပေမဲ့လည်း ကမ္ဘာ့ရွှေစျေးတက်ရင် ချက်ခြင်းခုန်တက်၊ ကမ္ဘာ့ရွှေစျေး ပြန်ကျရင် လိုက်မကျတဲ့အပြင် အကြောင်းအမျိုးမျိုးနဲ့ စျေးဆွဲတင်နေတာကြောင့် ဇန်နဝါရီ ၁ ရက် ၂ ရက်မှာ ၃၇ သိန်းဝန်းကျင်ကနေ လကုန်ပိုင်းမှာ ရွှေတစ်ကျပ်သား ၃၉ သိန်းနီးပါးဆီ ခုန်တက်ခဲ့တာလည်း တွေ့ရပြန်ပါတယ်။
အခြားတစ်ဖက်မှာလည်း ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းတွေ အဆင်ပြေစေဖို့ဆိုပြီး တစ်လအတွင်း ဒေါ်လာ ၆၇ သန်းနီးပါး၊ ဘတ်သန်း ၂၅၀ နဲ့ ဒေါ်လာ ၄ သန်းနဲ့ညီမျှတဲ့ တရုတ်ယွမ်ငွေတွေ ဆက်တိုက်ထုတ်ရောင်းပေးနေတဲ့ ဖြစ်စဉ်တွေနဲ့ တရားမဝင်ကုန်သွယ်မှုတွေက အကြမ်းဖက် သမားတွေဆီ ငွေကြေးစီးဆင်းပြီး လုံခြုံရေးထိခိုက်ရတယ်ဆိုတဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ရုရှားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီး ဝင်ရောက်လာတဲ့ မြှုပ်နှံမှုတွေ အကာအကွယ်ပေးမယ်လို့ ပြောလာတာ၊ ရူပီးနဲ့ ကျပ်အကြား တိုက်ရိုက်ပေးချေနိုင်တော့မဲ့အခြေအနေတွေနဲ့ ငွေကြေးလိမ်လည်မှုတွေကိုတားဆီးဖို့ ဆိုင်ဘာဥပဒေ ပြဌာန်းဖို့လိုအပ်နေတဲ့အခြေအနေတွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။
◾ ရုရှားရင်းနှီးမြှုပ်နှံမှုတွေ အကာအကွယ်ပေးမဲ့ မြန်မာ
“ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အသီးသီးမှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံက ကောင်းမွန်စွာ အကာအကွယ်ပေးနိုင်မှာ သေချာပါတယ်”လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဒေါက်တာကံဇော်က ပြောကြားခဲ့ပါတယ်။
SAC အစိုးရလက်ထက်မှာ ရုရှားနဲ့ မြန်မာနိုင်ငံကြား အပြန်အလှန်ဆက်သွယ်မှုတွေဟာ အရင်ကလို စစ်ရေးကဏ္ဍတစ်ခုတင်မဟုတ်ဘဲ နျူကလီးယားစွမ်းအင်အပါအဝင် ပညာရေး၊ စီးပွားရေး စတဲ့ ကဏ္ဍအသီးသီးမှာပါ တိုးချဲ့လာနေတာကို မြင်နေရတာပါ။ အခြားတစ်ဖက်မှာလည်း ရုရှားနဲ့ မြန်မာအကြား အပြန်အလှန်ကုန်သွယ်မှုကလည်း တိုးတက်လာနေတာကို မြင်ရပြီး Russia Briefing သတင်းဌာနက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ရေးသားချက်အရ ၂၀၂၀-၂၀၂၁ ခုနှစ်က နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၇ သန်းပဲရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ အမေရိကန် ဒေါ်လာ သန်းလေးရာအထိ တိုးလာလို့ ကုန်သွယ်မှု ၂၅ ဆကျော် တက်လာခဲ့တာလည်း တွေ့ရပါတယ်။
ဒါပေမဲ့လည်း ရုရှားနဲ့ မြန်မာအကြားမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်ဝင်ရောက်တာကတော့ လက်ရှိအချိန်အထိ တိုးတက်မလာဘဲ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ စာရင်းအရ ရုရှားစီးပွားရေးလုပ်ငန်းနှစ်ခုကပဲ ဒေါ်လာ ၉၄ သန်းသာမြှုပ်နှံထားလို့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ သုည ဒသမ ၁၀ ရာခိုင်နှုန်းပဲရှိနေတဲ့အပြင် ပိုဆိုးတာက အဲဒီမြှုပ်နှံမှုနှစ်ခုကလည်း ၂၀၁၂ ခုနှစ်ရှေ့ပိုင်းက မြှုပ်နှံမှုဖြစ်နေတာပါ။ ရုရှားဟာလည်း မြန်မာနိုင်ငံလိုပဲ ယူကရိန်းနဲ့ စစ်ပွဲဆင်နွှဲနေရတာကြောင့် စီးပွားရေးဘက်ကို အစိုးရက မလှည့်နိုင်ရင်တောင်မှ ရုရှားလုပ်ငန်းရှင်တွေ စိတ်ဝင်စားလာအောင် ဘယ်လိုဆွဲဆောင်မလဲဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်းသစ်ကိုတော့ ချပြနိုင်ဖို့ လိုအပ်မယ်ထင်ပါတယ်။
◾ ရူပီး-ကျပ် တိုက်ရိုက်ပေးချေနိုင်တော့မဲ့အခြေအနေ
မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုအဆင်ပြေစေဖို့ ယွမ်-ကျပ်၊ ဘတ်- ကျပ် တိုက်ရိုက်ပေးချေတာကို ခွင့်ပြုထားပြီးဖြစ်သလို ဒီလိုမျိုးဆောင်ရွက်နိုင်တာကြောင့် ဒေါ်လာစျေးကစားခံရမှုနဲ့ မြန်မာကျပ်ငွေတန်ဖိုးအလွန်အကျွံကျဆင်းမှုကို ကာကွယ်နိုင်တဲ့အခြေအနေ ပီပြင်စပြုလာနေချိန်မှာပဲ ထပ်တိုးခြေလှမ်းအဖြစ် အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ရူပီး- ကျပ် တိုက်ရိုက်ပေးချေမှုကို ဖေဖော်ဝါရီလမှာ စတင်နိုင်တော့မှာဖြစ်ပြီး ခွင့်ပြုချက်ရဘဏ်အဖြစ် အိန္ဒိယဘက်က Punjab National ဘဏ်နဲ့ မြန်မာဘက်က UAB ဘဏ်၊ CB ဘဏ်တို့ကို ရွေးချယ် သတ်မှတ်ထားပြီးပြီဖြစ်ပါတယ်။
မြန်မာနဲ့ တရုတ်အကြား အပြန်အလှန်ကုန်သွယ်မှုဟာ ပုံမှန်အခြေအနေမှာ တရားဝင်စာရင်းအရ ဒေါ်လာ ၁၀ ဘီလျံနဲ့အထက်မှာရှိပြီး ထိုင်းနဲ့ မြန်မာအကြား အပြန်အလှန်ကုန်သွယ်မှုဟာ တရားဝင်စာရင်းမှာ ဒေါ်လာ ၆ ဘီလျံနီးပါးရှိသလို အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုကလည်း ဒေါ်လာ ၁ ဒသမ ၅ ဘီလျံပတ်ခြာလည်ရှိနေတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တရားဝင်ကုန်သွယ်မှုစာရင်းမှာ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့ဟာ ကုန်သွယ်မှုစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ရှိနေတာဖြစ်လို့ သူတို့နဲ့ အပြန်အလှန်ကုန်သွယ်မှု ဒေါ်လာ ဘီလျံ ၂၀ လောက်ကို ယွမ်-ကျပ်၊ ဘတ်- ကျပ်၊ ရူပီး- ကျပ် ပြောင်းလဲ ကုန်သွယ်မှုလုပ်ဆောင်နိုင်ခြင်းဟာ မြန်မာနိုင်ငံက ဒေါ်လာလိုအပ်ချက် ဘီလျံချီ လျော့ကျစေတယ်ဆိုတာ မြင်ရမှာပါ။ လက်ရှိကာလဟာ နိုင်ငံရေးအကျပ်အတည်းကြောင့် စီးပွားရေးအပေါ် ဖိအားဖြစ်ပြီး ဒီလိုမျိုး ယွမ်-ကျပ်၊ ဘတ်- ကျပ်၊ ရူပီး- ကျပ် တိုက်ရိုက်ပေးချေနိုင်မှုက တိုးတက်မှု မသိသာဘူးလို့ ပြောမယ်ဆိုရင်တောင်မှ ပြည်တွင်းမှာ ကုန်သည်လုပ်ငန်းရှင်တွေ အရင်ကလို ငွေပေးချေဖို့ အလောသုံးဆယ် ဒေါ်လာထွက်ဝယ်ရလို့ စျေးအမျိုးမျိုးဖြစ်နေရတဲ့ သောကတွေ လျော့ပါးသွားတာလည်း သိသာလာနေပါတယ်။ လက်ရှိမှာ ဒေါ်လာကို စျေးကစားချင်သူတွေ၊ ဒေါ်လာတန်ဖိုးတက်မယ်ထင်သူတွေပဲအဓိကဝယ်နေတာကြောင့် ဒေါ်လာလိုအပ်ချက်လျော့ကျလာလို့ အရင်လို ကောလာဟလထုတ်ပြီး ဒေါ်လာစျေး ဆွဲတင်တောင် ၀ုန်းကနဲခုန်မတက်နိုင်တော့တာကတော့ ခေတ်ပျက်ခေတ်ဆိုးကြီးထဲမှာ အကောင်းဘက်ရောက်နိုင်တဲ့ တိုးတက်မှူ လင်းရောင်ခြည်လေးလို့ပဲ ညွှန်းရမှာပါ။
◾ ဆိုင်ဘာဥပဒေပြဌာန်းဖို့လိုအပ်နေတဲ့ ငွေကြေးလိမ်လည်မှု
မြန်မာနိုင်ငံဟာ ငွေကြေးလိမ်လည်မှု ဖြေရှင်းဆောင်ရွက်ရာမှာ ဒေသတွင်းနိုင်ငံတွေလို Anti-Scam Centre တွေ မဖွင့်လှစ်နိုင်သေးတာကြောင့် လိမ်လည်မှုတွေကို ထိရောက်စွာကိုင်တွယ် မဖြေရှင်းနိုင်ဘဲဖြစ်နေရလို့ ဆိုင်ဘာလုံခြုံရေးဥပဒေကို မူကြမ်းအဆင့်ကနေ အတည်ပြုနိုင်ရေး ဆောင်ရွက်နေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံအနေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို ရာဇသတ်ကြီးဥပဒေ၊ ၂၀၂၄ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေနဲ့ပဲ အရေးယူနေရတာကြောင့် ထိထိရောက်ရောက်အရေးယူနိုင်ဖို့ ဆိုင်ဘာလုံခြုံရေးဥပဒေကို အတည်ပြုဖို ကြိုးပမ်းနေရတာဖြစ်ပါတယ်။ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှု ဖြစ်ပွားတာဟာ ၂၀၂၁ ခုနှစ်မှာ အမှုပေါင်း ၉၀ ရှိပြီး နိုင်ငံခြားသား ၁၆ ဦးအပါအဝင် စုစုပေါင်း တရားခံ ၉၁ ဦး၊ ၂၀၂၂ ခုနှစ်မှာ အမှုပေါင်း ၁၆၁ ခုရှိပြီး နိုင်ငံခြားသား ၁၃ ဦးအပါအဝင် စုစုပေါင်းတရားခံ ၂၀၂ ဦး၊ ၂၀၂၃ ခုနှစ်မှာ အမှုပေါင်း ၂၂၁ ခုရှိပြီး နိုင်ငံခြားသား ၅၃ ဦးအပါအဝင် စုစုပေါင်းတရားခံ ၁၃၂ ဦး ဖမ်းမိခဲ့သလို နှစ်စဉ် လိမ်လည်မှုဖြစ်စဉ်တွေ တိုးပွားနေပါတယ်။ပြည်တွင်း လိမ်လည်မှုအနေနဲ့လည်း အိမ်ဆောက်ပစ္စည်းလုပ်ငန်းတစ်ခုက ကျပ်သိန်းပေါင်း ၁၅,၀၀၀ ကျော်နဲ့ အများဆုံးလိမ်လည်ထားပြီး နိုင်ဂျီးရီးယားနိုင်ငံသားတွေရဲ့ နှစ်အလိုက် ငွေကြေးလိမ်လည်မှုကလည်း ကျပ်သိန်း ၁၂,၀၀၀ ကျော်အထိ ရှိနေတဲ့အပြင် ရုံးလုပ်ငန်းစဉ်တွေကို မဆောင်ရွက်လိုတဲ့အတွက် တရားခံတွေကို မတိုင်ကြားတဲ့ အမှုများစွာလည်းရှိနေတယ်လို့ သိရပါတယ်။
“နိုင်ဂျီးရီးယားရဲ့ နှစ်အလိုက် ငွေကြေးလိမ်လည်မှုဆိုရင် သိန်းပေါင်း ၁၂၀၀၀ ကျော် သူတို့လှုပ်ရှားလိမ်လည်သွားခဲ့တာကို အားလုံးဖော်ထုတ်ရရှိခဲ့တဲ့ စာရင်းတွေဖြစ်ပါတယ်။ ဆက်သွယ်ရေး မှုခင်းတွေကို ပြည်သူလူထုကြားမှာ တကယ်ထဲထဲဝင်ဝင်ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ ဒီစာရင်းဇယားတွေထက် များစွာပိုနေလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ လိမ်လည်ခံရတဲ့ ငွေပမာဏကနည်းတာရယ် ရဲစခန်းတွေမှာ၊ တရားရုံးတွေမှာ အချိန်မပေးချင်တာရယ်၊ ဒါကြောင့်မို့ ဥပဒေအရ နစ်နာသူတွေက တရားလို ပြုလုပ်ခြင်းမရှိတဲ့မှုခင်းတွေလည်း များစွာရှိနေမယ်လို့ ထင်ပါတယ်။ မြန်မာကျပ်ငွေ ၅ ဘီလျံနဲ့ အထက်လောက်တော့ ဆုံးရှုံးခဲ့မယ်လို့ ခန့်မှန်းပါတယ်”လို့ ရဲမှူးကြီးညွန့်ဝေက ပြောကြားပါတယ်။
ဒီလိုမျိုး အွန်လိုင်းငွေကြေးလိမ်လည်မှုတွေအပြင် အွန်လိုင်း လောင်းကစားဂိမ်းတွေ ဖမ်းဆီးရာမှာ လောင်းကစားသမားတွေရဲ့ ငွေလွှဲပြောင်းတဲ့ ဘဏ်လမ်းကြောင်းကို တိုက်ရိုက်စစ်ဆေးခွင့်မရဘဲ ဗဟိုဘဏ်ကို အဆင့်ဆင့်တင်ပြနေရတာကြောင့် ဖမ်းဆီးနိုင်မှုအားနည်းလို Sim Card ပိတ်ချမှုကိုပဲ အဓိကလုပ်ဆောင်နေရတဲ့ အကျပ်အတည်းလည်းဖြစ်နေရတယ်လို့ ရဲမှူးကြီးညွန့်ဝေက ပြောပါသေးတယ်။
ဒီနေရာမှာ ဆိုင်ဘာဥပဒေဟာ NLD အစိုးရဟောင်း လက်ထက်မှာကတည်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC) က ကမ်းလှမ်းတဲ့ သတ်မှတ်တာဝန်နဲ့လုပ်ပိုင်ခွင့် (ToR) အရ စင်ကာပူနိုင်ငံအခြေစိုက် အကြံပေးကုမ္ပဏီ (TRPC) က ကမ္ဘာ့ဘဏ်ရဲ့ နည်းပညာအကူအညီနဲ့ ပြင်ဆင်ရေးဆွဲထားတာဖြစ်သလို SAC အစိုးရ အာဏာရယူပြီး ၆ ရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှာလည်း ဥပဒေမူကြမ်းအတည်ပြုထားပြီးဖြစ်ပေမဲ့လည်း လက်ရှိအချိန်အထိ အတည်ပြုဥပဒေမထွက်နိုင်တာ ၃ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အွန်လိုင်းလိမ်လည်မှုတွေ အရမ်းများနေပြီး တရုတ်ကျားဖြန့်လိမ်လည်ဂိုဏ်းတွေ မြန်မာနိုင်ငံမှာ အကြီးအကျယ်လုပ်ကိုင်နေချိန်မှာ မြောက်ကိုရီးယားလိုနိုင်ငံမျိုးကလည်း မြန်မာနိုင်ငံမှာ ကာစီနိုလုပ်ငန်းတွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်မှုတွေ ပြုလုပ်ပြီး ငွေကြေးခဝါချမှုတွေ လုပ်ကိုင်နေတယ်လို့ UNODC က ဖော်ပြနေချိန်မျိုးမှာ ဘာကြောင့်များ အရေးကြီးတဲ့ ဆိုင်ဘာဥပဒေက မထွက်နိုင်ဖြစ်နေရတာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။