၂၉.၁.၂၀၂၄
Translated by Htwe Ko Tun
လကမ္ဘာကို စူးစမ်းလေ့လာရန်အတွက် စေလွှတ်ခဲ့သည့် ဂျပန်နိုင်ငံ၏ လဆင်းအာကာသယာဉ်မှာ လမျက်နှာပြင်ပေါ်သို့ ဇန်နဝါရီ ၂၀ ရက်က အောင်မြင်စွာဆင်းသက်နိုင်ခဲ့သော်လည်း လဆင်းယာဉ်၏နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်ထုတ်လုပ်မည့် ဆိုလာပြားများမလည်ပတ်နိုင်၍ လဆင်းယာဉ်မှာ ၎င်း၏တာဝန်များကို မစတင်နိုင်ဘဲရှိခဲ့သော်လည်း ကိုးရက်အကြာ ဇန်နဝါရီ ၂၈ ရက်ညတွင်မူ လဆင်းယာဉ် SLIM ၏ ဆိုလာပြားများက စွမ်းအင်ကို စတင်ထုတ်ပေးနေနိုင်ခဲ့သောကြောင့် လဆင်းယာဉ်မှာလည်း ၎င်း၏ လုပ်ငန်းတာဝန်များ ပြန်လည်စတင်နေကြောင်း သိရသည်။
SLIM အနေဖြင့် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ခဲ့ရာတွင် ဆိုလာပြားများက နေနှင့် ကောင်းစွာမျက်နှာချင်းဆိုင်မိခြင်းမရှိ၍ လိုအပ်သောစွမ်းအင်ကို မထုတ်ပေးနိုင်ခဲ့ခြင်းဟုလည်း ဂျပန်အာကာသအေဂျင်စီက ဇန်နဝါရီ ၂၉ ရက်တွင် ပြောခဲ့သည်။
လပေါ်သို့ဆင်းပြီးနောက်တွင် ဆိုလာပြားများက မလည်ပတ်နိုင်ခဲ့သေး၍ SLIM မှာ နာရီအတန်ကြာ နောက်ဆုံးရပ်ဆိုင်းခဲ့ရသည်အထိ ဘက်ထရီမှရသော လျှပ်စစ်အားနှင့်ပင်အလုပ်လုပ်ခဲ့သေးသည်။ ထိုအချိန်အတွင်းမှာပင် လမျက်နှာပြင်ကို ဓာတ်ပုံများ ရိုက်ကူးနိုင်ခဲ့သေးသည်။
ဇန်နဝါရီ ၂၈ ရက် ညတွင်မူ ဂျပန်အာကာသအေဂျင်စီက လဆင်းယာဉ်နှင့် ပြန်လည်၍ အဆက်အသွယ်ရခဲ့ပြီး လဆင်းယာဉ်၏ ကင်မရာကလည်း လမျက်နှာပြင်၏ ပုံများကိုရိုက်ကူးနေပြီဖြစ်ကြောင်းနှင့် ရက်အတန်ကြာ ၎င်း၏တာဝန်များကို ဆက်လက်ထမ်းဆောင်နေလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။
ဂျပန်အာကာသအေဂျင်စီ JAXA ၏ SLIM လဆင်းယာဉ်က လမျက်နှာပြင်ပေါ်အောင်မြင်စွာဆင်းသက်နိုင်ခဲ့ခြင်းဖြစ်၍ ဆိုဗီယက်ယူနီယံ၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် အိန္ဒိယတို့ပြီးလျှင် ဂျပန်နိုင်ငံက လပေါ်သို့အောင်မြင်စွာဆင်းသက်နိုင်သော ပဉ္စမမြောက်နိုင်ငံဖြစ်ခဲ့သည်။
Ref- Nikkei Asia.