၂၉. ၁. ၂၀၂၄
Written by Pan Ei
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မနေ့(ဇန်နဝါရီလ ၂၈ ရက်)က ကမ္ဘာ့အနာကြီးရောဂါနေ့ကို ပြန်လည်အမှတ်ရဖို့ မိန့်ခွန်းပြောကြားနေချိန်အတွင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးရေးနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်လျှောက်လှမ်းဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
ဇန်နဝါရီလရဲ့ နောက်ဆုံးပတ် တနင်္ဂနွေနေ့ကို ကမ္ဘာ့အနာကြီးရောဂါနေ့အဖြစ် သတ်မှတ်တာဖြစ်ပြီး မနေ့က စိန့်ပီတာ ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ ဝတ်ပြုပွဲအတွင်း ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းပြောကြားရာမှာ “စစ်ပွဲတွေဟာ ပြည်သူတွေအတွက် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး လူသားမျိုးနွယ်အတွက် ရှုံးနိမ့်မှုတစ်ခုဖြစ်ပါတယ်” လို့ ပြောကြားခဲ့သလို သူဟာ မြန်မာနိုင်ငံကို အာရုံစိုက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးရေးနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေကို လျှောက်လှမ်းဖို့ တောင်းဆိုခဲ့တာပါ။
“အခုဆို သုံးနှစ်လောက်အကြာမှာ မြန်မာပြည်သူပြည်သားတွေရဲ့ သွင်ပြင်လက္ခဏာဖြစ်တဲ့ အပြုံးရဲ့နေရာမှာ နာကျင်ငိုကြွေးသံတွေနဲ့ လက်နက်ကြီးသံတွေက အစားထိုးဝင်ရောက်လာနေခဲ့တယ်” လို့ ပုပ်ရဟန်းမင်းကြီးက ထပ်လောင်းပြောကြားခဲ့ပြီး အဲ့ဒါကြောင့် “ပျက်စီးခြင်းရဲ့ လက်နက်ကို လူသားဆန်စွာနဲ့ တရားမျှတမှုတို့မှာ ကြီးပွားတိုးတက်စေမယ့် လက်နက်တွေအဖြစ် ပြောင်းလဲနိုင်ပါစေ” လို့လည်း ဆုတောင်းပေးခဲ့ပါတယ်။
ငြိမ်းချမ်းရေးဟာ ခရီးတစ်ခုဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက အသိအမှတ်ပြုခဲ့ပေမဲ့ မြန်မာပြည်ဟာ ညီရင်းအစ်ကို ညီညွတ်ရေးပန်းတိုင်ကို ရောက်နိုင်စေဖို့ ဆွေးနွေးညှိနှိုင်းမှု အဆင့်ဆင့်လုပ်ဆောင်ဖို့နဲ့ နားလည်မှု ထားရှိကြဖို့ ပါ၀င်သူဘက်ပေါင်းစုံကအားလုံးကို ဖိတ်ကြားခဲ့ပါတယ်။ ဒါ့အပြင် လူတိုင်းလူတိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း လက်ခံခွင့်ပြုဖို့ ထပ်မံ တောင်းဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံအပြင် အရှေ့အလယ်ပိုင်း၊ ယူကရိန်းနဲ့ ဟေတီနိုင်ငံတို့မှာလည်း ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်လျှောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
Ref; Vaticannews