October 19, 2024

ပြန်လက်တုံ့ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ပြော

၂၉. ၁. ၂၀၂၄
Written by Pan Ei

ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်းက အမေရိကန်စစ်စခန်းတစ်ခုကို အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၃၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တာဝန်ရှိသူတွေကတနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စတင်ခဲ့တဲ့ အစ္စရေး-ဟားမားစ်စစ်ပွဲ ဖြစ်ပွားပြီးကတည်းက အမေရိကန်တပ်ဖွဲ့ဝင်တွေ အသေအပျောက်၊ ထိခိုက်ဒဏ်ရာရရှိမှုအများဆုံး တိုက်ခိုက်မှုဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေ ကြီးမားလာနိုင်တဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။

“ဒီတိုက်ခိုက်မှုရဲ့ အချက်အလက်တွေကို ကျွန်တော်တို့ စုဆောင်းနေတုန်းပါပဲ။ ဆီးရီးယားနဲ့ အီရတ်မှာ လှုပ်ရှားနေတဲ့ အစွန်းရောက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့တွေက လုပ်ဆောင်ခဲ့တာကို ကျွန်တော်တို့ သိပါတယ်” လို့ ဘိုင်ဒန်က ကြေညာချက်မှာ ပြောကြားခဲ့ပြီး “ကျွန်တော်တို့ လက်တုံ့ပြန်သွားပါမယ်” လို့လည်း ထည့်သွင်းပြောကြားခဲ့ရာ ဒီတုံ့ပြန် ခြိမ်းခြောက်မှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း ထောက်ခံပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် ၃၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လူအများအပြားက ကျန်းမာရေး စောင့်ရှောက်မှုရယူနေချိန်မှာ အဆိုပါအရေအတွက်က ပြောင်းလဲသွားဖွယ်ရှိနေတယ်လို့လည်း အမေရိကန်ဗဟိုဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဟားမားစစ်သွေးကြွတွေနဲ့ အစ္စရေးရဲ့ စစ်ပွဲတွေနဲ့အတူ အီရန်နဲ့ အမေရိကန်တို့အတွက်လည်း လှုပ်ခတ်မှုတွေရှိနေတာကြောင့် ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသမှာ မတည်ငြိမ်မှုတွေနဲ့ ကျယ်ပြန့်တဲ့ ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်မှုတွေရှိနေပြီး ကမ္ဘာ့ရေနံဈေးလည်း တက်လာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *