October 20, 2024

၂၉. ၁. ၂၀၂၄
Written by Ye Kyaw

သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဗဟိုဘဏ်က ဒေါ်လာ ၉ သန်း ယနေ့ ထပ်မံထုတ်ရောင်းချပေးခဲ့ပြီး တစ်လအတွင်း ဒေါ်လာ ၆၇ သန်းနီးပါးအထိ ရောင်းချပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဒေါ်လာရောင်းချပေးမှုအနေဖြင့် ဇန်နဝါရီ ၁ ရက်တွင် ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ‌‌ဒေါ်လာ ၅ သန်းနှင့် ဇန်နဝါရီ ၂၉ ရက်(ယနေ့)တွင် ဒေါ်လာ ၉ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်လအတွင်း ခြောက်ကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၆၆ ဒသမ ၉၃ သန်း ထုတ်ရောင်းခဲ့သည်။

ထို့အတူ ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ထိုင်းဘတ် သန်း ၂၀၀ နှင့် ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းဘတ် သန်း ၅၀ ဖြင့် တစ်လတွင်း စုစုပေါင်း ထိုင်းဘတ်သန်း ၃၀၀ ထုတ်ရောင်းပေးခဲ့သလို ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင်းမှာလည်း စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ဒေါ်လာ ၉ ဒသမ ၇၂ သန်းနှင့် ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်း ထုတ်ရောင်းပေးထားသည်။

ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် ၂၀၂၃ နှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်မီမှစ၍ တစ်ဒေါ်လာ ကျပ် ၃၅၀၀ အောက် ကျဆင်းလာခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၃၄၅၀ နှင့် ကျပ် ၃၅၀၀ ကြားတွင် တစ်လခန့် တည်ငြိမ်ခဲ့သော်လည်း ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ စတင်မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်မှစတင်၍ ယနေ့အထိ တစ်ဒေါ်လာ ကျပ် ၃၅၃၀ ဖြင့် တည်ငြိမ်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *