October 20, 2024

၂၉.၁.၂၀၂၄
Translated by Htwe Ko Tun

ဟောင်ကောင်တရားရုံးတစ်ခုက တရုတ်နိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းအုပ်စုကြီးဖြစ်သော ကမ္ဘာ့ကြွေးအထူဆုံးကုမ္ပဏီဟုလည်းဆိုရမည့် China Evergrande Group အား ကြွေးပေးရန်ဒေါ်လာ ဘီလျံ ၃၀၀ ကျော်ပျက်ကွက်မှုနှင့်အတူ လုပ်ငန်း ပိတ်သိမ်း၍ စာရင်းမှဖျက်သိမ်းရန် ဇန်နဝါရီ၂၉ ရက်တွင် အမိန့်ချခဲ့ကြောင်း သိရသည်။

ထိုဆုံးဖြတ်ချက်က ပြိုလဲပျက်စီးမှုများကြောင့် အကျပ်အတည်းဖြစ်ပေါ်နေသဖြင့် မူဝါဒချမှတ်သူများကထိန်းချုပ်ရန်ကြိုးပမ်းနေသော တရုတ်နိုင်ငံ၏ငွေကြေးစျေးကွက်များကိုပါ ဂယက်ရိုက်စေခဲ့ကြောင်း သိရသည်။

Evergrande လုပ်ငန်းအုပ်စုအနေနှင့် ပေးဆပ်ရန်ရှိသော ကြွေးမြီစုစုပေါင်းဒေါ်လာ ဘီလျံ ၃၀၀ ကျော်ကိုလည်း ပြန်လည်ပေးဆပ်ရန် နှစ်နှစ်ကျော်ကြာပျက်ကွက်ခဲ့ပြီး ခိုင်မာသောလုပ်ငန်းပြန်လည်တည်ဆောက်မှု စီမံချက်လည်းမရှိဟု တရားသူကြီး လင်ဒါချန်းက ပြောခဲ့သည်။

လင်ဒါချန်း က “Evergrande အနေနဲ့ ဒီလောက်ဆိုလုပ်ငန်းရပ်ဆိုင်းသင့်နေပါပြီ” ဟု ပြောခဲ့သည်။ ၎င်းက အသေးစိတ်အချက်အလက်များကို ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းတွင် ထုတ်ပြန်ပေးမည်ဟုလည်း ဆိုခဲ့သည်။

Evergrande လုပ်ငန်း၏အမှုဆောင်အရာရှိချုပ် ဆီယူရှောင်း က ၎င်းအနေနင့် ဖျက်သိမ်းခံလိုက်ရသော်လည်း အိမ်ယာတည်ဆောက်ရေးစီမံကိန်းများကို သေချာအောင် အာမခံလုပ်ဆောင်သွားမည်ဟု ပြောခဲ့သည်။ ဤဆုံးဖြတ်ချက်က Evergrande ၏ ပြည်တွင်းပြည်ပလုပ်ငန်းများကိုထိခိုက်စေမည်မဟုတ်ဟုလည်း ၎င်းကဆိုသည်။ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကလည်း ကုမ္ပဏီတစ်ခုပျက်စီးစဥ်တွင် ပြည်ပမှ မြီရှင်များအပေါ် တရုတ်အာဏာပိုင်များက မည်သို့ပြုမူဆက်ဆံမည်ကို အလေးထားစောင့်ကြည့်လျက်ရှိကြသည်။

ပြင်သစ်နိုင်ငံ၊ပါရီမြို့ရှိ Natixis ဘဏ်လုပ်ငန်းမှအဆင့်မြင်စီးပွားရေးပညာရှင် ဂေရီနောင်က Evergrande ၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာအများစုက တရုတ်ပြည်မကြီးတွင်ရှိကြကြောင်း၊ထို့ကြောင့် ပြည်ပမှ မြီရှင်တို့အဖို့ ထိုပစ္စည်းဥစ္စာများကို မည်သို့သိမ်းယူမည်နှင့် စာချုပ်လက်မှတ်ထိုးထားသူများအတွက် ​ကြွေးမြီပြန်လည်ပေးဆပ်မှုအဆင့်များကို မည်သို့ရယူနိုင်မည်မှာ မသေမချာဖြစ်နေရကြောင်း ပြောခဲ့သည်။

Evergrande ၏ ပိုင်ဆိုင်မှုပစ္စည်းများတန်ဖိုးက ဒေါ်လာ ဘီလျံ ၂၄၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ သို့သော် ၂၀၂၁ ခုနှစ်တွင် ၎င်းက ကြွေးမြီများပေးဆပ်ရန်ပျက်ကွက်ခဲ့သည်မှစ၍ အိမ်ခြံမြေကဏ္ဍအဖို့လည်း အခက်အခဲအခြေအနေအတွင်းရောက်ခဲ့ရသည်။

လောလောဆယ်တွင် တရုတ်အစိုးရမှာလည်း စီးပွားရေးကျဆင်းမှုအခြေအနေများနှင့်ရင်ဆိုင်နေရသည်။ အိမ်ခြံမြေကဏ္ဍစျေးကွက်က ကိုးနှစ်အတွင်း အဆိုးဝါးဆုံးနိမ့်ကျနေပြီး စတော့စျေးကွက်မှာလည်း ငါးနှစ်နီးပါးဆက်တိုက်နိမ့်ကျလျက်ရှိသည်။ ထို့ကြောင့်လည်း ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုပျက်ပြားစေသည့် မည်သည့်အခြေအနေဖြစ်ရပ်မျိုးမဆို စီးပွားရေးကိုပြန်လည်တိုးတက်လာစေရန် မူဝါဒချမှတ်သူများ၏ အားထုတ်မှုများကို တိုက်ခိုက် ပျက်စီးစေလျက်ရှိသည်။

Evergrande လုပ်ငန်း၏ ရှေ့နေကမူ ကုမ္ပဏီအား လုပ်ငန်းပိတ်သိမ်း၍ စာရင်းပယ်ဖျက်ကြောင်းဆုံးဖြတ်မှုက ကုမ္ပဏီ ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ပိုင်ဆိုင်မှုများအပေါ် စီမံခန့်ခွဲမှုနှင့်လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများကို ထိခိုက်စေမည်ဆိုခြင်းအပေါ် ကန့်ကွက်ပြောကြားခဲ့ပြီး ကုမ္ပဏီ၏မြီရှင်များအားလုံးသို့ ပြန်လည်ပေးဆပ်ရန်ဆောင်ရွက်နေမှုကို ထိခိုက်စေလိမ့်မည်ဟု ပြောခဲ့သည်။

Ref- Reuters

Leave a Reply

Your email address will not be published. Required fields are marked *