October 20, 2024

၂၉. ၁. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့က အထပ်မြင့်အဆောက်အအုံပေါ်ကနေ ခုန်ချခဲ့တဲ့ ဗြိတိန်စတန့်သမားတစ်ဦးဟာ ခုန်ချချိန်မှာ လေထီးမပွင့်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Nathy Odinson ဟာ စနေနေ့ညက ပတ္တရားအရှေ့ဘက်ကမ်းခြေအပန်းဖြေစခန်းက ၂၉ ထပ်အမြင့်ရှိတဲ့ အဆောက်အအုံပေါ်ကနေ ခုန်ချခဲ့တာ​ဖြစ်သလို သူ ခုန်ချရာမှာ အသုံးပြုခဲ့တဲ့ လေထီးဟာ ချွတ်ယွင်းသွားခဲ့ခြင်းဖြစ်ကာ မျက်မြင်သက်သေတချို့ရဲ့အဆိုအရ သူဟာ သစ်ပင်တစ်ပင်ကို တိုက်မိပြီး မြေပြင်ပေါ်ပြုတ်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားတဲ့ သူ့ရဲ့ ပို့စ်တွေ၊ ဗီဒီယိုတွေအရ Nathy Odinson ဟာ အတွေ့အကြုံရှိ လေထီးသမားတစ်ဦးဖြစ်တယ်လို့ သိရပြီး အဆောက်အအုံက ဝန်ထမ်းတွေရဲ့ ပြောကြားချက်အရ အဆိုပါ အမျိုးသားဟာ ဆိုရှယ်မီဒီယာမှာ တင်ဖို့ သူငယ်ချင်းတွေနဲ့အတူ ဗီဒီယိုရိုက်ကူးနေခဲ့ခြင်းဖြစ်ကာ သူဟာ အရင်ကလည်း အဆောက်အအုံပေါ်ကနေ အကြိမ်ကြိမ်ခုန်ချနေခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ မဖွင့်ရသေးတဲ့ အပြာရောင် လေထီးကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး မှုခင်းဆေးပညာအရာရှိတွေက ဒီအမှုကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

လေယာဉ်သွားရာထက် မြင့်မားတဲ့အထင်ကရနေရာတွေကနေ လေထီးနဲ့ ခုန်ချတာတွေပါတဲ့ အစွန်းရောက်အားကစားဟာ အရှေ့တောင်အာရှမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေကြားမှာ ရေပန်းစားလျက်ရှိပြီး တချို့က သူတို့ရဲ့ဗီဒီယိုတွေကို ကြည့်ရှုတဲ့ ဆိုရှယ်မီဒီယာဖော်လိုဝါအရေအတွက်ကနေ ဝင်ငွေရရှိကြတာပါ။ ဒါပေမဲ့ မြေပြင်ကိုမထိခင် စက္ကန့်အနည်းငယ်အလိုမှာ စွန့်စားရတဲ့ အဆိုပါ အားကစားဟာ အမှားအယွင်းအနည်းငယ်ကြောင့်နဲ့တင် အရမ်းအန္တရာယ်များတဲ့ လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်စေနိုင်ပါတယ်။

Ref; Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *