October 20, 2024

၂၉. ၁. ၂၀၂၄
Written by Ye Kyaw

ယခုဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်လကျော်သာ ကျန်ရှိချိန်တွင် ကုန်သွယ်မှုလျာထားချက် ပြည့်မီရန် ဒေါ်လာ ၈ ဘီလျံကျော်အထိ လိုအပ်နေသေး၍ ဘဏ္ဍာနှစ် လက်ကျန်ကာလ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် လျာထားချက် ပြည့်မီစေရေး အားထုတ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဇန်နဝါရီ ၂၈ ရက်တွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်များတွင် ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၁၆ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံရရှိရန် လျာထားခဲ့သော်လည်း ဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်လကျော်သာကျန်ရှိသည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၁ ဒသမ ၅၁၈ ဘီလျံနှင့် သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၁၂ ဒသမ ၈၁၉ ဘီလျံဖြင့် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၂၄ ဒသမ ၃၃၇ ဘီလျံသာရရှိထားခြင်းဖြစ်သည်။

ထို့ကြောင့် ကုန်သွယ်မှု လျာထားချက်ပမာဏ ပြည့်မီရန် ဒေါ်လာ ၈ ဒသမ ၁၆၂ ဘီလျံ လိုအပ်နေသေးသဖြင့် ယခုဘဏ္ဍာနှစ် လက်ကျန်ကာလဖြစ်သည့် ဖေဖော်ဝါရီလနှင့် မတ်လနှစ်လတွင် လျာထားချက်ပမာဏ ပြည့်မီ‌အောင် ဆောင်ရွက်နိုင်ရန် လိုအပ်နေခြင်းဖြစ်သည်။

လက်ကျန်ကာလသည် ပွင့်လင်းရာသီ ရောက်ရှိလာကာ နိုင်ငံတွင်း စိုက်ပျိုးထုတ်လုပ်သည့် လယ်ယာထွက်သီးနှံများ အများစုထွက်ပေါ်လာချိန်ဖြစ်ခြင်း၊ ရေထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ စက်မှုကုန်ချောလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ သတ္တုတွင်းထွက် ကုန်ချောလုပ်ငန်းများလည်း တင်ပို့မှု ပိုမိုချိတ်ဆက်လာနိုင်ခြင်း စသည့် အခြေအနေကောင်းများကို မဏ္ဍိုင်ပြုပြီး ကုန်သွယ်မှုမြှင့်တင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေး လမ်းကြောင်းနှစ်ခုစလုံးဖြင့် ဆောင်ရွက်နေပြီး ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လျာထားချက် ဒေါ်လာ ၂၉ ဘီလျံခွဲကို ကျော်လွန်၍ ဒေါ်လာ ၃၄ ဘီလျံနီးပါးအထိ ဆောင်ရွက်နိုင်ခဲ့၍ ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလျာထားချက် ဒေါ်လာ ၃၂ ဘီလျံခွဲအထိ တိုးမြှင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ၂၀၂၃ ခုနှစ် အောက်တိုဘာအတွင်း စတင်ဖြစ်ပွားခဲ့သည့် ရှမ်းမြောက်ဒေသ တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ၏ အဓိကနယ်စပ်ကုန်သွယ်များဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ်ကုန်သွယ်ရေးများ လုံးဝရပ်တန့်မှုများနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည့်အပြင် ပြည်တွင်း ကုန်ထုတ်လုပ်မှုများလည်း ကျဆင်းခဲ့၍ ပို့ကုန်တင်ပို့မှုမှာလည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂ ဘီလျံခန့် ကျဆင်းခဲ့သည့် အခြေအနေများကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းတို့ကို အဓိကတင်သွင်းနေပြီး ပြည်ပသို့ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောတို့ကို အဓိက တင်ပို့နေကြောင်း စီပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *