October 18, 2024

၂၉. ၁. ၂၀၂၄
Written by Nyein Kyaw

ရန်ကုန်မြို့လယ်ဖြစ်သည့် ဗိုလ်ချုပ်လမ်းနှင့် မော်တင်လမ်းထောင့်တွင် ကားသုံးစီးဆင့်တိုက်မိ၍ လူ ၇ ဦးအထိ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်နေစဉ် ယာဉ်မောင်းတစ်ဦး သေဆုံးမှု ယမန်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက် (ယမန်နေ့) ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် ဗိုလ်ချုပ်လမ်းနှင့် မော်တင်လမ်းထောင့်တွင် ဟိုက်ဂျက်ယာဉ်၊ TOYOTA Mark 2 (ရွှေငါး)နှင့် မာဇဒါပြိုင်ကားတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၆ ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်အတွင်း ရှေ့ဆုံးမှ မောင်းနှင်လာသည့် ဟိုက်ဂျက်ယာဉ်မှာ ထိခိုက်မှုပိုမိုပြင်းထန်ခဲ့ကာ ဟိုက်ဂျက်ယာဉ်မောင်းမှာလည်း ဆေးရုံသို့ ‌ရောက်ရှိချိန်တွင် သေဆုံးခဲ့သော်လည်း ဟိုက်ဂျက်ယာဥ်ပေါ်ရှိ ကျန်ခရီးသည်များနှင့် အခြားယာဉ်နှစ်စီးပေါ်မှ ခရီးသည်များ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများသာ ရရှိခဲ့ကြောင်း သိရသည်။

“ဟိုက်ဂျက်ကားက အရှေ့က မောင်းလာတာ။ သူ့နောက်မှာက မာဇဒါပြိုင်ကားလေးပေါ့။ ရွှေငါးက ဘယ်ဘက်ကို ချိုးကွေ့လိုက်တဲ့အချိန်မှာ ဒီသုံးစီးဆင့်တိုက်မိတာပေါ့။ ဟိုက်ဂျက်ကားကတော့ တော်တော်အထိနာတယ်။ ဟိုက်ဂျက်ကား မောင်းတဲ့သူကတော့ ဆေးရုံ‌ရောက်ချိန်မှာ အရောင်ပြောင်းသွားပြီ (ဆုံးသွားပြီ)။ ကျန်တဲ့သူတွေကတော့ အစိမ်းရောင်အဆင့်ပေါ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်” ဟု ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *