၂၉. ၁. ၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၃)ရပ်ကွက်၊ ကောလိယ(၂၁)လမ်းတွင် ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက နေအိမ် ၈ လုံး မီးလောင်ကျွမ်းခဲ့ရာ ဖြစ်စဥ်မှာ မီးပလပ်ခုံတွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ၂၈ ရက် ညနေ ၄ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ကောလိယ(၂၁)လမ်းရှိ နေအိမ်တစ်လုံးတွင် အိပ်ယာအနီးရှိ မီးပလပ်ခုံ၌ ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ အိပ်ယာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုမှာ မိနစ် ၃၀ နီးပါး ကြာမြင့်ခဲ့ပြီး သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ်၊ သွပ်မိုး၊ ပျဥ်ကာ ကွန်ကရစ်ခင်း၊သွပ်မိုးအုတ်ကာ၊ ကွန်ကရစ်ခင်းစသည့် နေအိမ်၈လုံံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“မီးလောင်တာက ပျဥ်ကာပျဥ်ခင်းအိမ်တွေများတော့ မီးလောင်မြန်သွားတာ။ အိမ်တွေက ၁၀ ပေ ၊ပေ ၂၀ အိမ်တွေ။ အိမ်ချင်းတွေကပ်နေတော့ မီးထဲပါသွားတယ်”ဟု မီးလောင်မှုကို သွားရောက်ကြည့်ရှုသူ တစ်ဦးက ပြောသည်။
အိမ် ၈ လုံံး မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၃ စီး၊ ရေသယ်ယာဥ် ၇ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊အုပ်ချုပ်မှုယာဥ် ၁ စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။
မီးလောင်မှုကြောင့် အသက် ၆၇ နှစ်အရွယ် အမျိုးသားကြီးကို တောင်ဥက္ကလာပမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။