October 18, 2024

ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကိုပါ မြန်မာ ဖိတ်ခေါ်

၂၈. ၁. ၂၀၂၄
Written by Thettant

လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟာ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို အကာ အကွယ်ပေးနိုင်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှာ ရုရှား-မြန်မာ ဒုတိယအကြိမ် စီးပွားရေးဖိုရမ်ကို ကျင်းပခဲ့ပြီး ဖိုရမ်အတွင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အစိုးရနှစ်ရပ်ကြား စီးပွားရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးကို ကျင်းပခဲ့တာပါ။

အဆိုပါဖိုရမ်အတွင်းမှာ နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း ပိုမိုတိုးမြှင့်နိုင်ဖို့အတွက် လေယာဉ် ချိတ်ဆက်ပျံသန်းနိုင်ရေးကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့တာပါ။

ဒါ့အပြင် ရုရှားနဲ့ မြန်မာနိုင်ငံအကြား မော်စကိုမြို့၊ Krasnoyarsk မြို့နဲ့ Yekaterinburg မြို့တို့ကနေ ခရီးသွားလုပ်ငန်းတွေ ပိုမိုတိုးမြှင့်နိုင်ဖို့အတွက် လေယာဉ်ခရီးစဉ်တွေ ပျံသန်းနိုင်ရေး ချိတ်ဆက်မှုကို စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲပြုလုပ် သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

မကြာမီအချိန်အတောအတွင်း မြန်မာနဲ့ရုရှား နှစ်နိုင်ငံကြား ခရီးသွားတွေ အဆင်ပြေလွယ်ကူချောမွေ့စေဖို့ ငွေပေးချေမှု လမ်းကြောင်းတစ်ခုကို စီစဉ်နေသလို မော်စကိုမြို့၊ Krasnoyarsk မြို့နဲ့ Yekaterinburg မြို့တို့ကနေ ခရီးသွားတွေ အဆင်ပြေချောမွေ့စေဖို့ သက်သောင့်သက်သာဖြစ်စေမဲ့ လေယာဉ်ခရီးစဉ်တွေ စီစဉ်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ စိုက်ပျိုးရေး၊ စက်မှုလက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုနဲ့ ပြည်သူတို့အကြား ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့ကြသလို ရုရှားလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာလာရောက်မြှုပ်နှံဖို့လည်း ဒေါက်တာကံဇော်က ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အသီးသီးမှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံက ကောင်းမွန်စွာ အကာအကွယ်ပေးနိုင်မှာ သေချာပါတယ်”လို့ ဒေါက်တာကံဇော်က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *