October 18, 2024

၂၈. ၁. ၂၀၂၄
Written by Zaw Moe

ဇန်နဝါရီ ၂၆ ရက်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) လက်အောက်သို့ ခေတ္တကျရောက်သွားသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ တပ်မတော်၏ ခြေမြန်တပ်ရင်းဖြစ်သည့် ခမရ ၄၂၄ တပ်ရင်းကို တပ်မတော်က ယနေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားထားသည်။

ဇန်နဝါရီ ၂၆ ရက်တွင် PNLA လက်အောက်သို့ ခေတ္တကျရောက်သွားသော ခမရ ၄၂၄ အား ယနေ့ ဇန်နဝါရီ ၂၈ ရက်တွင် တပ်မတော်မှ ပြန်လည်ရရှိကြောင်း သိရ၍ အဆိုပါကိစ္စရပ်အား သတင်းအတည်ပြုထုတ်ပြန်ပေးရန် မေးမြန်းမှုအပေါ် “တပ်မတော်မှ ပြည်လည်ထိန်းချုပ်ထားနိုင်သည်မှာ မှန်ပါသည်” ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်၏ ခြေမြန်တပ်ရင်းများ ဖြစ်ကြသည့် ခမရ ၄၂၃ ၊ ၄၂၄ တပ်ရင်းများကို PNLA တပ်များနှင့် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး သိမ်းပိုက်ရရှိထားသော တပ်ရင်းများ၊ ရဲစခန်း၊ ဌာနဆိုင်ရာ ရုံးများအားလုံးတွင် ပအိုဝ်းအလံတော်များ လွှင့်ထူထားကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်ဟု NUG နှင့် PDF ထောက်ခံအားပေးသည့် မီဒီယာများတွင် ဇန်နဝါရီ ၂၅ ရက်က ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် NUG ၏ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့် KIA စစ်ဦးစီးချုပ်တို့က ခမရ ၄၂၄ တပ်ရင်းကို စစ်ဆေးနေသည့်ပုံများထုတ်ပြန်လာခဲ့ခြင်းလည်းဖြစ်သလို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်ရှိ ခမရ ၄၂၄ တပ်ကို ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)က သိမ်းပိုက်လိုက်ကြောင်း PNLA က ဇန်နဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *