၂၈. ၁. ၂၀၂၄
Written by Thettant
သင်္ဃန်းကျွန်းမြို့နယ်က သဘာဝရေကန်တစ်ခုဖြစ်တဲ့ လက်ဆယ်ကန်အတွင်းကို ရေဆင်းကူးတဲ့ လူငယ်တစ်ယောက် ရေနစ်သေဆုံးမှု ဒီနေ့လယ်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ လက်ဆယ်ကန်အတွင်း အမျိုးသား ၁ ဦး ရေဆင်းကူးရာက ရေနစ်နေတယ်လို့ သတင်းရရှိတာကြောင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ရှာဖွေမှု တစ်နာရီဝန်းကျင်အကြာမှာ ရေနစ်သေဆုံးသူကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကူညီပေးခဲ့တဲ့ Medical လူငယ်များအသင်းက လက်ဆည်ကန်အတွင်းကို လူငယ်တစ်ဦးခုန်ဆင်းသတ်သေတယ်လို့လည်း ရှာဖွေမှုကို Live လွှင့်ရေးသားပြောဆိုတာလည်း တွေ့ရပါတယ်။
“ရေနစ်တယ်ဆိုပြီး သတင်းဝင်လာလို့ သွားရှာတာပေါ့။ လက်ဆယ်ကန်ရောက်တော့ ခုန်ချသတ်သေသွားတယ်လို့လည်း ပြောပါတယ်။ အခုလောလောဆယ်တော့ သေဆုံးသူကို ဆေးရုံပို့ထားပါတယ်။ လူငယ်ကတော့ အသက် ၂၀ ကျော်လောက်ပဲ။ ခြေထောက်နှစ်ဖက်နဲ့ ခန္ဓာကိုယ်မှာ တက်တူးတွေရှိပါတယ်” လို့ ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။
ရေနစ်သေဆုံးသူလူငယ်ကို Medical လူငယ်များလူမှုကူညီရေးအသင်းယာဥ်နဲ့ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။